close

သေဆုံးသူ ၂၈

close

October 15, 2022

တူရကီကျောက်မီးသွေးမိုင်းပေါက်ကွဲမှု သေဆုံးသူ ၂၈ ဦးအထိရှိလာ

တူရကီနိုင်ငံမြောက်ပိုင်း ဘာတင်ပြည်နယ်မှာ ကျောက်မီးသွေးမိုင်းတွင်း ပေါက်ကွဲမှုကြောင့် ထိခိုက် သေဆုံးသူ ၂၈ ယောက်အထိ ရှိလာပြီလို့ ကျန်းမာရေးဝန်ကြီး ဖာ့ဟာရာတင် ကိုဂျာက အတည်ပြုပါတယ်။ 

တချိန်တည်းမှာ ကယ်ဆယ်ရေးသမားတွေက အောက်တိုဘာ ၁၅ ရက် စနေနေ့ အစောပိုင်းအထိ ဆက်လက်ရှာဖွေခဲ့ကြပါတယ်။ 

နိုင်ငံပိုင်တူရကီ Hard Coal Enterprises က ပိုင်ဆိုင်တဲ့ ဒီမိုင်းတွင်းပေါက်ကွဲမှုဟာ အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းလောက်မှာ  မိုင်းတွင်းဝင်ပေါက်အောက် မီတာ ၃၀၀ (၉၈၅ ပေ) ဝန်းကျင်မှာ ဖြစ်ပွားခဲ့တာပါ။ 

ပေါက်ကွဲမှု ဖြစ်ပွားချိန်မှာ မြေအောက် မီတာ ၃၀၀ နဲ့ ၃၅၀ မီတာ အကွာမှာ လူ ၁၁၀ ဦး အလုပ်လုပ်နေခဲ့ကြပါတယ်။ 

မိုင်းတွင်းထဲက ကယ်ထုတ်ခဲ့ရတဲ့ ၅၈ ယောက်ထဲက ၁၁ ယောက်ကို အရေးပေါ် ကုသ ပေးနေရတယ်လို့ ကျန်းမာရေးဝန်ကြီး ကိုဂျာက အောက်တိုဘာ ၁၅ ရက်မှာ ပြောပါတယ်။

နောက်ထပ် လူဘယ်လောက် အထဲမှာ ပိတ်မိနေသလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ 

ပေါက်ကွဲမှုဟာ ကျောက်မီးသွေးတွင်းတွေမှာ ရှိတတ်တဲ့ မီးလောင်လွယ် မီသိန်း မီးခိုးငွေ့တွေ ကြောင့် ဖြစ်တာလို့  အာဏာပိုင်တွေက ပြောပါတယ်။ 

တူရကီမှာ ၂၀၁၄ ခုနှစ်ကလည်း မြို့တော် အစ္စတန်ဘူးလ်ရဲ့ တောင်ပိုင်း  နိုင်ငံအနောက်ပိုင်းက ဆိုမာ မြို့မှာ အဆိုးဆုံး မိုင်းတွင်း မတော်တဆမှု ဖြစ်ခဲ့ပြိ အလုပ်သမား ၃၀၁ ယောက် သေဆုံးခဲ့ဖူးပါတယ်။

3 hours Ago
Up