ထိုင်းနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၇,၀၅၈ ယောက်၊ သေဆုံးမှု အသစ် ၇၅ ယောက်နဲ့ စံချိန်တင်ခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားပါတယ်။
ကူးစက်မှုအသစ်တွေထဲမှာ ၆၈ ယောက်ကတော့ ထိုင်းနိုင်ငံတဝန်း အကျဉ်းထောင်တွေက ဖြစ်ကာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်ပျောက်ကင်းသက်သာပြီး ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၄,၉၇၈ ယောက်ရှိနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့်မို့ လက်ရှိအချိန်ထိ နိုင်ငံတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း ၃၀၈,၂၃၀ ယောက်၊ သေဆုံးသူစုစုပေါင်း ၂,၄၆၂ ယောက်နဲ့ အာရှဒေသတွင်းနိုင်ငံတွေထဲ ရောဂါကူးစက်မှု အမြင့်ဆုံးအဆင့် ၂၂ နေရာမှာ ရှိနေတာပါ။
အာဆီယံနိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ သန်းချီကူးစက်ခံ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံ တွေပြီးရင် မလေးရှားနိုင်ငံက ရောဂါကူးစက်ခံရသူပေါင်း ၈ သိန်းနီးပါး၊ သေဆုံးသူ ပေါင်း ၅,၇၀၀ ကျော်နဲ့ ရှိနေပြီး ထိုင်းနိုင်ငံကတော့ အမှတ်စဉ် ၄ နေရာမှာ ရှိနေပါတယ်။
ဒေသတွင်း ကူးစက်မှု အမြင့်ဆုံး ထိပ်တန်း ၅ နိုင်ငံထဲမှာတော့ လတ်တလော ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံက ကူးစက်ခံရသူပေါင်း ၁ သိန်း ၇ သောင်းကျော်နဲ့ ပါဝင်လာခဲ့ပါတယ်။
ကမ္ဘာတဝန်းလုံးမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၈၅ ဒသမ ၈၅ သန်းကျော်၊ သေဆုံးသူပေါင်း ၄ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း သန်း ၁၇၀ ကျော် ရှိနေတယ်လို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြပါတယ်။