close

သေဒဏ်စီရင်

close

July 29, 2022

သေဒဏ်စီရင်သည့်အပေါ် ဂျီ-၇ နိုင်ငံများ ပြင်းထန်စွာ ရှုတ်ချ

နိုင်ငံရေးအကျဉ်းသား ၄ ဦးဖြစ်တဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ကို စစ်ကောင်စီက  သေဒဏ်စီရင်တဲ့အပေါ် စက်မှုအင်အားကြီး ဂျီ-၇ အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက   ပြင်းထန်စွာ ရှုတ်ချကြောင်း ဇူလိုင် ၂၈ ရက်မှာ ကြေညာလိုက်ပါတယ်။ 

မြန်မာနိုင်ငံမှာ ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံခေါင်းဆောင်တွေကို စစ်အာဏာရှင်က ကွပ်မျက်ခဲ့တဲ့ အပေါ် ဂျီ-၇ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ယူကေနဲ့ အမေရိကန်နိုင်ငံတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဥရောပသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ်တို့က ရှုတ်ချလိုက်တာဖြစ်ပါတယ်။ 

နှစ်ပေါင်း၃၀ကျော်အတွင်း ပထမဆုံးဖြစ်တဲ့ အခုလို ကွပ်မျက်မှုတွေနဲ့ တရားမျှတသောကြားနာစစ်ဆေးမှုတွေ လစ်ဟင်းခဲ့တာဟာ မြန်မာပြည်သူတွေရဲ့ ခိုင်ကျည်မြဲမြံတဲ့ ဒီမိုကရေစီလိုလားတောင့်တမှုကို စစ်အာဏာရှင်က မထေမဲ့မြင်ပြုရာရောက်တယ်လို့ ဆိုပါတယ်။

သေဒဏ်ပေးခံရသူ ၄ ဦးအပါအဝင် ၂၀၂၁ ဖေဖော်ဝါရီ တရားမဝင်အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ရဲ့ သတ်ဖြတ်၊ ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသူအားလုံးရဲ့ မိသားစုဝင်တွေ အားလုံးနဲ့ထပ်တူ  ဝမ်းနည်းစိတ်မကောင်းဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံး ဆက်လက်ရှုတ်ချပြီး နိုင်ငံအတွင်းမှ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးနဲ့ လူ့အခွင့်အရေးအခြေအနေတွေကို လွန်စွာစိုးရိမ်ပူပန်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အကြမ်းဖက်မှုတွေ ချက်ချင်းအဆုံးသတ်ရန်ဖို့ မတရားထပ်မံကွပ်မျက်မှုတွေမှ ရှောင်ရှားဖို့၊ နိုင်ငံရေးအကျဉ်းသားအားလုံးနဲ့  မတရားဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ပို့ဆောင်ဖို့ စစ်အာဏာရှင်ကို ဂျီ-၇ နိုင်ငံတွေက တောင်းဆိုပါတယ်။

အာဆီယံရဲ့ အားထုတ်မှုတွေကို ဆက်လက်အားပေးထောက်ခံပြီး စစ်တပ်ကို အာဆီယံဘုံ သဘောတူညီချက် (၅)ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ဖို့ တောင်းဆိုလိုက်ပြီး အာဆီယံအထူးကိုယ်စားလှယ်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ကြား ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုရှိဖို့လည်း တိုက်တွန်းထားပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ ၊ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်နဲ့  စစ်အာဏာရှင်ဆန့်ကျင်သူ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့  ပြစ်ဒဏ်စီရင်ပြီဖြစ်ကြောင်း စစ်ကောင်စီက ဇူလိုင် ၂၅ ရက်မှာ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး  အခုလို သေဒဏ်ပေး ကွက်မျက်ခဲ့တဲ့ အပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းက ကန့်ကွက်ရှုတ်ချခဲ့ကြတာ ဖြစ်ပါတယ်။

4 mins Ago

March 19, 2020

နယူးဒေလီတွင် ဆေးကျောင်းသူကို အုပ်စုလိုက် အဓမ္မပြုကျင့်သတ်ဖြတ်သူ ၄ ဦးကို သေဒဏ်စီရင်မည်

အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီက ဘတ်စ်ကားပေါ်မှာ ဆေးကျောင်းသူ တယောက်ကို ရက်ရက်စက်စက် အုပ်စုလိုက် အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့မှုအတွက် တရားစီရင်ခံရတဲ့ အမျိုးသား ၄ ယောက်ကို  အာဏာပိုင်တွေက မတ်လ ၂၀ရက်မှာ သေဒဏ် စီရင်တော့မှာပါ။ ဒီအမှုကြောင့် နိုင်ငံတအနှံ့အပြား လမ်းတွေပေါ်မှာ လူတွေ ထောင်သောင်းချီ ဆန္ဒပြခဲ့ပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုအတွက် နိုင်ငံတကာက အာရုံစိုက် လာခဲ့ကြပါတယ်။ အလားတူအမှုတွေအတွက် တရားရုံးမှာ အမြန်စီရင်ရေးနဲ့ ပိုပြင်းထန်တဲ့ အပြစ်ဒဏ်ပေးဖို့ အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူတွေ၊ ရုပ်ရှင်ငွေ ကြယ်ပွင့်တွေနဲ့ နိုင်ငံရေးသမားတွေက တောင်းဆိုခဲ့ကြပါတယ်။  ဒီအမှုဟာလည်း ကာလကြာရှည် တရားရင်ဆိုင်ခဲ့ရတဲ့ အမှုဖြစ်ပါတယ်။  အသက်၁၈နှစ်အောက် တယောက်အပါအဝင် ယောက်ျား၆ယောက်ဟာ ၂၀၁၂ ဒီဇင်ဘာ ၁၆ရက်က နယူးဒေလီမြို့တော်က ဘတ်စ်ကားတစီးပေါ်မှာ ဆေးကျောင်းသူနဲ့ အမျိုးသား မိတ်ဆွေ တို့ စီးနင်းလာတုန်း ဆေးကျောင်းသူကို ထပ်ခါတလဲ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး ၂ယောက်စလုံးကို သံတုတ်နဲ့ ရိုက်ပြီး ကားပေါ်ကနေ လမ်းပေါ် ပစ်ချခဲ့ကြပါတယ်။ ဆေးကျောင်းသူဟာ ကိုယ်တွင်းဒဏ်ရာတွေကြောင့် သီတင်း၂ပတ်အကြာ စင်ကာပူနိုင်ငံက ဆေးရုံပေါ်မှာ သေဆုံးခဲ့ပါတယ်။ ကျူးလွန်သူ ယောက်ျားတယောက်က ထောင်ထဲမှာ ကြိုးဆွဲချ သတ်သေခဲ့ပြီး ကျန် တိုက်ခိုက်သူ လေးယောက်ကိုတော့ ၂၀၁၃မှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။ အသက်မပြည့်တဲ့ ကျူးလွန်သူကတော့ အိန္ဒိယဥပဒေအရ အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် စာရိတ္တ ပြုပြင်ရေးဌာနမှာ ၃နှစ် ထိန်းသိမ်းခံဖို့ စီရင်ချက် ချမှတ် ခံရပါတယ်။ သေဒဏ်အမိန့်တွေ အတော်များများဟာ တရားခံရဲ့ ရှေ့နေတွေရဲ့ လျှောက်လဲချက် အမျိုးမျိုးကြောင့် ကြိုးမိန့် နှောင့်နှေး နေလေ့ရှိသလို သတ်မိန့်ကိုလဲ ရွှေ့ဆိုင်းလေ့ ရှိပါတယ်။ အိန္ဒိယသမ္မတဆီ အသနားခံလွှာ တင်ပေမယ့် ပယ်ချခံရအပြီး နောက်ဆုံးတရားရုံး အမိန့်တွေအရ ကျူးလွန်သူ လေးယာက်ကို ဒေလီထောင်ထဲမှာ မတ်လ ၂၀ရက် မနက် ငါးနာရီခွဲမှာ ကြိုးမိန့်စီရင်မှာ ဖြစ်ပါတယ်။
2 years Ago
Up