close

သေဒဏ်

close

April 4, 2023

မလေးရှားတွင် သေဒဏ်နှင့် တသက်တကျွန်း ပြစ်ဒဏ်များ ဖျက်သိမ်း

မလေးရှားနိုင်ငံမှာ သေဒဏ်စီရင်ချက်ကို မဖြစ်မနေ ဖယ်ရှားဖို့၊ သေဒဏ်အပြစ်ပေးတဲ့ ပြစ်မှုအရေအတွက်ကို ထပ်ပြီးလျှော့ချဖြတ်တောက်ဖို့နဲ့ တသက်တကျွန်းပြစ်ဒဏ်တွေကို ဖျက်သိမ်းဖို့တွေ အပါအဝင် ဥပဒေရေးရာ ကြီးကြီးမားမား ပြုပြင်ပြောင်းလဲမှုတွေကို  မလေးရှားလွှတ်တော်က  ဧပြီလ ၃ ရက်မှာ အတည်ပြုလိုက်ပါတယ်။

မလေးရှားဟာ လူသတ်မှုအတွက် သေဒဏ်ချမှတ်ခြင်းကို ဖျက်သိမ်းဖို့ ပထမဆုံး ကတိကဝတ်ပြုလိုက်တဲ့ ၂၀၁၈ ခုနှစ်ကတည်းက သေဒဏ်ပေးမှုကို ဆိုင်းငံ့ထားခဲ့တာပါ။

ဧပြီ ၃ ရက်မှာ အတည်ပြုခဲ့တဲ့ ပြင်ဆင်ချက်တွေအရ သေဒဏ်အစား တခြားရွေးချယ်စရာတွေမှာ ကြာပွတ်နဲ့ရိုက်နှက်တာနဲ့ ထောင်ဒဏ် အနှစ် ၃၀ မှ ၄၀ ကြား ပါဝင်ပါတယ်။

ထောင်ဒဏ်အသစ်ဟာ ပြစ်မှုကျူးလွန်သူကို သူ့ရဲ့ တသက်တာအတွက် ထောင်ချထားဖို့ တောင်းဆိုတဲ့ အရင်ပြဋ္ဌာန်းထားချက်တွေ အားလုံးကို အစားထိုးမှာဖြစ်ပါတယ်။

မလေးရှားဥပဒေအရ သတ်မှတ်ထားတဲ့ ထောင်ဒဏ်တသက်တကျွန်းကို အနှစ် ၃၀ သက်တမ်း ဆက်လက်ထားရှိမှာ ဖြစ်ပါတယ်။

အစီအမံသစ်အရ လက်နက်အရောင်းအဝယ်နဲ့ ပြန်ပေးဆွဲမှုတို့လို လူအသေအပျောက်မရှိတဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေအတွက် ရွေးချယ်မှုတခုအနေနဲ့ သေဒဏ်ကို ပယ်ဖျက်ပေးမှာ ဖြစ်ပါတယ်။

လူသတ်မှုနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု အပါအဝင် သေဒဏ်ချမှတ်နိုင်တဲ့ ပြစ်မှု ၃၄ မှုအတွက် ဒီပြင်ဆင်ချက်တွေကို အတည်ပြုခဲ့တာဖြစ်ပြီး အဲဒီထဲက ၁၁ မျိုးကိုတော့ မဖြစ်မနေ ပြစ်ဒဏ်အဖြစ် ဆောင်ရွက်စီရင်မှာ ဖြစ်ပါတယ်။

တခြား တရားရေးဆိုင်ရာ အယူခံမှုတွေအားလုံး ကုန်ဆုံးသွားသူတွေ အပါအဝင် သေဒဏ် သို့မဟုတ် တသက်တာထောင်ဒဏ် ပြစ်ဒဏ်ချခံထားရသူ လူပေါင်း ၁,၃၀၀ လောက်ဟာ စည်းမျဉ်းအသစ်အရ ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာ ပြန်လည်သုံးသပ်မှုကို လုပ်ဆောင်နိုင်ပါတယ်။

ဥပဒေပြင်ဆင်ချက်တွေကို အတည်ပြုလိုက်ခြင်းဟာ လုံးဝ သေဒဏ်ဖျက်သိမ်းရေးအတွက် ပထမဆုံး ခြေလှမ်းကောင်း ဖြစ်တယ်လို့ သေဒဏ်တိုက်ဖျက်ရေး အာရှကွန်ရက် အမှုဆောင် ညှိနှိုင်းရေးမှူး ဒေါ့ဘီချူးက ပြောပါတယ်။

4 weeks Ago

February 3, 2023

စစ်တွေ၌ လူသတ်မှုကျူးလွန်သူအား ULA/AA တရားရုံးက သေဒဏ်ချမှတ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ သတ်ဖြတ်ခံခဲ့ရတဲ့ မနွယ်သန္တာဝင်းအမှုမှာ ပြစ်မှုကျူးလွန်သူ တရားခံ Luminous ဆိုင်မန်နေဂျာ မျိုးမြင့်ဇော်ကို ULA/AA ရက္ခိုင့်ပြည်သူ့အစိုးရရဲ့ ဒေသအဆင့် ဗဟိုတရားရုံးက ဖေဖော်ဝါရီ ၃ ရက် ဒီနေ့ သေဒဏ်ချမှတ်လိုက်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

“ဟုတ်ပါတယ်၊ စစ်တွေမြို့ Luminous ပလတ်စတစ်မျိုးစုံနဲ့ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်က အရောင်းစာရေးမ ဝန်ထမ်းဖြစ်သူ မနွယ်သန္တာဝင်း သေဆုံးမှုနဲ့ပတ်သက်တဲ့ အမှုကို ဒီနေ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့ မနက် ၁၀ နာရီကျော်မှာ ရက္ခိုင့်ပြည်သူ့အစိုးရရဲ့ ဒေသအဆင့် ဗဟိုတရားရုံးက အပြီးသတ် အမိန့်ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။ ပြစ်ဒဏ်ကတော့ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ဂ) အရ သေဒဏ်ချမှတ်တာ ဖြစ်တယ်။”

ကျူးလွန်သူ တရားခံ မျိုးမြင့်ဇော် အသက် ၃၄ နှစ် (ဘ) ဦးထွန်းကျော် အနေနဲ့ ဥပဒေနဲ့အညီ တရားရုံးချုပ်ကို အယူခံဆက်လက်တင်နိုင်ဖို့ အခွင့်အရေးပေးထားကြောင်း ခိုင်သုခက ဆိုပါတယ်။

“ဒါပေမဲ့ တရားခံကို တရားရုံးချုပ်သို့ ဥပဒေနှင့်အညီ အယူခံဆက်တက်နိုင်ဖို့အတွက် အခွင့်အရေး ပေးထားပါတယ်။”

မနွယ်သန္တာဝင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သြဂုတ် ၁၅ ရက်က Luminous ပလတ်စတစ်မျိုးစုံနဲ့ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်မှာ တာဝန်ထမ်းဆောင်နေစဥ် သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး တရားခံ မျိုးမြင့်ဇော်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလက ရက္ခိုင့်ပြည်သူ့အစိုးရရဲ့ ဒေသအဆင့် တရားရုံးမှာ စတင်စစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။

3 months Ago
Up