close

သေနတ်ထိန်းချုပ်

close

June 3, 2022

သေနတ်ထိန်းချုပ်မှု အစီအမံများ အကောင်အထည်ဖော်ရေး သမ္မတ ဂျိုးဘိုင်ဒင် တိုက်တွန်း

အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် သေနတ်ပစ်ခတ်မှု အများအပြားကို ဖြေရှင်းဖို့အတွက် ချေမှုန်းရေးလက်နက်တွေကို တားမြစ်ဖို့၊ နောက်ခံစစ်ဆေးမှုတွေကို ချဲ့ထွင်ဖို့နဲ့ တခြား လက်တွေ့အသုံးချ သေနတ်ထိန်းချုပ်မှု အစီအမံတွေကို အကောင်အထည်ဖော်ရေး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဇွန် ၂ ရက်နေ့မှာ ကွန်ဂရက်လွှတ်တော်ကို တိုက်တွန်းလိုက်ပါတယ်။

အိမ်ဖြူတော်ကနေ တိုက်ရိုက်ထုတ်လွှင့်တဲ့ မိန့်ခွန်းထဲမှာ သမ္မတ ဘိုင်ဒင်က “ဒါမျိုးတွေ ဘယ်လောက်ထပ်ဖြစ်နေကြဦးမှာလဲ။ ဘုရားသခင် အလိုတော်အရ ဆိုရင်လည်း ဒီလို ရက်ရက်စက်စက် သတ်ဖြတ်မှုကို ဘယ်လောက် လက်ခံပေးနေရမှာလဲ” လို့ မေးမြန်းခဲ့ပါတယ်။

ဒီမိုကရက်သမ္မတဟာ ကွန်ဂရက်မှာ သေနတ်ဝယ်ယူနိုင်တဲ့ အရွယ်ရောက်ပြီးသူတွေရဲ့ အသက်အရွယ်ကို ထပ်မြှင့်တာ၊ လက်နက်ကိုင်ဆောင်ထားသူတွေ ကျူးလွန်တဲ့ အကြမ်းဖက်မှုအတွက် သေနတ်ထုတ်လုပ်သူတွေ တရားစွဲခံရခြင်းမှ ကာကွယ်ပေးထားတဲ့ ဥပဒေပြဌာန်းချက်တွေကို ရုပ်သိမ်းခြင်းတွေ အပါအဝင် သမိုင်းကြောင်းအရ ရီပတ်ဘလစ်ကန်တွေ ပိတ်ဆို့ထားတဲ့ အရေးယူဆောင်ရွက်မှုများစွာကို တောင်းဆိုခဲ့ပါတယ်။

“အမေရိကန်ပြည်သူတွေကို နောက်တကြိမ် ဆုံးရှုံးအောင် မလုပ်နိုင်ဘူး” လို့ သမ္မတ ဘိုင်ဒင်က ပြောကြားခဲ့ပြီး သေနတ်ထိန်းချုပ်ရေး အစီအမံတွေ အပါအဝင် ဥပဒေကြမ်းတွေကို မဲခွဲဆုံးဖြတ်မှုတွေ လုပ်ခွင့်ပြုဖို့ ရီပတ်ဘလစ်ကန်တွေကို ဖိအားပေးခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ တခြား ချမ်းသာတဲ့နိုင်ငံတွေထက် သေနတ်နဲ့သေဆုံးမှုနှုန်း ပိုများနေတာပါ။ သေနတ်ဘေးကင်းရေး ထောက်ခံသူတွေက ဘိုင်ဒင်ကို သေနတ်ကိုင်အကြမ်းဖက်မှုကို တားဆီးဖို့ ပိုပြင်းထန်တဲ့ အစီအမံတွေ လုပ်ဆောင်ဖို့ တွန်းအားပေးနေခဲ့ပေမဲ့ အိမ်ဖြူတော်ကတော့ သမ္မတအမိန့်ဆိုတာထက် ရေရှည်အကျိုးသက်ရောက်မယ့် ဥပဒေတွေကို ကွန်ဂရက်လွှတ်တော်ကနေ အတည်ပြုပေးစေလိုပါတယ်။

အမေရိကန် အောက်လွှတ်တော် ကော်မတီဟာ ဇွန် ၂ ရက်မှာ အမျိုးသားသေနတ်ဥပဒေတွေကို တင်းကျပ်ရေး ရည်ရွယ်တဲ့ ဥပဒေကြမ်းတရပ်ကို လုပ်ဆောင်နေတာဖြစ်ပြီး အထက်လွှတ်တော်ကို ကျော်ဖြတ်ဖို့ အခွင့်အလမ်း နည်းနေတာပါ။

ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်ပါတီတွေရော အမေရိကန်မဲဆန္ဒရှင် အများစုကပါ ပိုမိုပြင်းထန်တဲ့ သေနတ်ထိန်းချုပ်ရေး ဥပဒေတွေကို နှစ်သက်ကြပါတယ်။

ဒါပေမဲဲ့ ကွန်ဂရက်လွှတ်တော်ရှိ ရီပတ်ဘလစ်ကန်တွေနဲ့ သဘောထားပျော့ပျောင်းတဲ့ ဒီမိုကရက်တချို့က ဒီဥပဒေကို နှစ်ပေါင်းများစွာ ပိတ်ပင်ထားတာပါ။

အစုလိုက်အပြုံလိုက် ပစ်ခတ်မှုတွေအပြီး သေနတ်ထိန်းချုပ်ရေး အစီအမံတွေကို မြှင့်တင်ဖို့ ကြိုးပမ်းမှုတွေကြောင့် တင်းကျပ်တဲ့စည်းမျဉ်းတွေ ထွက်မလာခင် သေနတ်ဝယ်ယူမှုတွေ တိုးလာမယ်လို့ ရင်းနှီးမြှုပ်နှံသူတွေက မျှော်လင့်ထားတာကြောင့် သေနတ်ရှယ်ယာဈေးတွေ  ဇွန် ၂ ရက်က မြင့်တက်လာခဲ့ပါတယ်။

28 seconds Ago
Up