close

သေနတ်ပစ်ခတ်ခံရ

close

February 28, 2023

သာကေတ ရပ်ကွက်ရုံး သေနတ်ပစ်ခတ်ခံရ၊ လက်လုပ်ဗုံး ၂ လုံးကို စစ်ကောင်စီတပ် ဖောက်ခွဲ

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၄/တောင်ရပ်ကွက်၊ အောင်မေတ္တာလမ်းမှာရှိတဲ့ ရပ်ကွက်ရုံးမှာ ဖေဖော်ဝါရီ ၂၇ ရက် ည ၉ နာရီခွဲလောက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တနာရီလောက်အကြာမှာတော့ ဗုံးပေါက်ကွဲသံတွေ ကြားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဲဒီရပ်ကွက်ရုံးတံခါးမှာ အနက်ရောင် ကြွပ်ကြွပ်အိတ်တလုံး ချိတ်ဆွဲထားပြီး အဲဒီအိတ်အပေါ်မှာတော့ “ကိုင်ရဲရင်ကိုင် သေမှာ” ဆိုတဲ့ စာသားကို ကတ်ထူပြားနဲ့ ရေးသားထားပါတယ်။

ရုံးဘယ်ဘက်ထောင့် ခြံစည်းရိုးမှာလည်း ကော်ပိုက်အသုံးပြုထားတဲ့ လက်လုပ်ဗုံး ၁ လုံးနဲ့ သံပိုက်လက်လုပ်ဗုံး ၁ လုံးတို့ကို စစ်ကောင်စီဘက်က ရှာတွေ့ခဲ့တာကြောင့် ည ၁၀ နာရီခွဲဝန်းကျင်မှာ ဖောက်ခွဲခဲ့တာလို့ သိရပါတယ်။

“ည ၉ နာရီခွဲစွန်းစွန်းကလေးမှာ အောင်သစ္စာဘက်ကနေ လှည့်လာတဲ့ အိမ်စီးကားကနေ ရုံးကို ပစ်သွားတာ။ လေးငါးချက်လောက်ရှိမယ်။ ခဏကြာတော့ စစ်ကားတွေ ရောက်လာတာ၊ ဗုံးတွေ့လို့ ပြောတယ်။ ရုံးအဝမှာချိတ်ထားတဲ့ အိတ်ထဲမှာ တွေ့တာက ဗုံးအတု၊ အရက်ပုလင်းတွေ၊ ရုံးထောင့်ဘက်တွေ့တာက ဗုံးလို့ပြောတယ်၊ စုစုပေါင်း ၂ လုံး။ လူထိခိုက်မှုတော့ မရှိပါဘူး” လို့ ရပ်ကွက်ရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

သာကေတမြို့နယ်ထဲက ရပ်ကွက်တွေမှာ အရန်မီးသတ်တပ်ဖွဲ့စာရင်းကို စစ်ကောင်စီဘက်က တောင်းယူနေပြီး အခြေခံစစ်သင်တန်းပေးဖို့ ပြင်ဆင်နေပါတယ်။ ဒါ့အပြင် ၄ တောင်ရပ်ကွက် အပါအဝင် တခြားရပ်ကွက်တွေမှာလည်း စစ်ကောင်စီက အုပ်ချုပ်ရေးမှူးအသစ် အစားထိုးဖို့ လုပ်နေတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

14 hours Ago

September 15, 2022

ကွမ်းခြံကုန်းမြို့နယ် တော်ကူးကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ် တော်ကူးကျေးရွာအုပ်ချုပ်ရေးမှူးဟာ စက်တင်ဘာ ၁၄ ရက်နေ့ည ၈ နာရီလောက်မှာ သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တော်ကူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကို မနေ့ည ၈ နာရီမှာ အမည်မသိအမျိုးသားနှစ်ဦးက နေအိမ်မှာပင် သေနတ်နဲ့လာရောက်ပစ်ခတ်ခဲ့တာလို့ ကျေးရွာနေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သေနတ်သံတွေ ဆက်တိုက်ကို ကြားတာ၊ အစကတော့ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အပြန်အလှန်ပစ်တယ်ထင်တာ၊ နောက်မှ အုပ်ကြီးကိုလာပစ်တာ ပွဲချင်းပြီးပဲ” လို့ ရှင်းပြပါတယ်။

အမည်မသိသူနှစ်ဦးက ကားနဲ့ရောက်လာကာ နေအိမ်ရှေမှာထိုင်နေတဲ့ အုပ်ချုပ်ရေးမှူးကို သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ အမည်မဖော်လိုသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“၁၁ ချက်ပစ်တာ ငါးချက်ထိတယ် ပွဲချင်းပြီးပဲ။ သူ့မိသားစုကိုဘာမှမလုပ်ဘူး၊ အုပ်ကြီးကိုပဲပစ်တာ။ ကြားတာတော့ ပြည်သူ့စစ်ဖွဲ့ဖို့ စာတင်လို့ လာပစ်တာလို့ ပြောကြတယ်။ အရင်အုပ်ချုပ်ရေးမှူးတုန်းကလည်း ပစ်တာပဲ၊ စစ်တပ်ကိုသတင်းပေးလို့ ပစ်သတ်ခံရပြီးပြီ” လို့ ပြောပါတယ်။

အုပ်ချုပ်ရေးမှူးပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်တွေက တော်ကူးကျေးရွာမှာ နေသူတွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁ ရက်နေ့ ညကလည်း တော်ကူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင် နဲ့ ဆယ်အိမ်မှုးတဦး ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူး သေဆုံးခဲ့ပါသေးတယ်။

ရန်ကုန်တိုင်း မြို့နယ်အချို့မှာ စက်တင်ဘာ ၁ ရက်မှ ၁၄ ရက်အထိ ဗုံးပေါက်ကွဲမှုနဲ့ပစ်ခတ်မှု ၁၉ ကြိမ်ဖြစ်ခဲ့ပြီး အုပ်ချုပ်ရေးမှုးတဦး၊ ရာအိမ်မှူးတဦးနဲ့ အရပ်သားတဦးသေဆုံးကာ  နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ 

6 months Ago
Up