မန္တလေးတိုင်း၊ မလှိုင်မြို့၊ အမှတ် ၃ ရပ်ကွက်က နယ်မြေ ၁၂ ရာအိမ်မှူး ကိုဇော်ဇော်လတ် (ခ) ကိုတူးဟာ မတ်လ ၂၇ ရက်၊ မနက် ၈ နာရီခွဲလောက်က နေအိမ်ကနေ လက်ဖက်ရည်ဆိုင်ကို ဆိုက်ကယ်နဲ့သွားစဉ် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
မလှိုင်မြို့ ရုပ်ရှင်ရုံဟောင်း၊ စျေးဆိုင်တန်းရှေ့လမ်းမအတိုင်း ရာအိမ်မှူး ကိုဇော်ဇော်လတ် (ခ) ကိုတူး ဆိုင်ကယ်စီးနင်းလာစဥ် မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်စီးလာတဲ့ လူနှစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးခဲ့တာလို့ သိရပါတယ်။
မလှိုင်မြို့ခံ ပြည်သူတဦးက “သူ့ကို ဒေသခံ PDF တွေက သတိပေးထားတာကြာပြီ။ ရပ်ကွက်ထဲမှာလည်း စစ်တပ်သတင်းပေးလုပ်နေတာ။ ပြီးတော့ သူက ရာအိမ်မှူးအဆင့်ကနေ အမှတ် ၃ ရပ်ကွက်ရဲ့ ရပ်ကွက်လူကြီး ဖြစ်ချင်နေတာ၊ ဧည့်စာရင်းတွေလည်း အမြဲလိုက်စစ်တာတွေ လုပ်နေတာ” လို့ ပြောပါတယ်။
ရာအိမ်မှူး ပစ်ခတ်ခံရတဲ့ အနီးပတ်ဝန်းကျင်ရှိ အသက် ၇၀ အရွယ် အဘိုးအိုတဦး အပါအဝင် ဒေသခံ ၁၄ ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ပူးပေါင်းပြီး ပြည်သူလူထုကို အန္တရာယ်ပေးနေတဲ့ နိုင်ငံတဝန်းက ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် သူတို့ရဲ့ နောက်လိုက်တွေကို ဒေသခံ PDF တွေက မကြာခဏဆိုသလို သတိပေးထားပါတယ်။
ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအဖွဲ့ သေနတ်နဲ့ ပစ်ခတ်ခံရအပြီး စစ်ကောင်စီတပ်က ဒေသခံလူငယ် ၅ ဦးထက်မနည်းကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုးကျေးရွာအုပ်ချုပ်ရေးမှူး လှထွဋ်နဲ့အဖွဲ့ကို ဒီဇင်ဘာ ၅ ရက် ညက အမည်မသိ သေနတ်သမားက ပစ်ခတ်ခဲ့တာကြောင့် အဖွဲ့ဝင်တဦး ဒဏ်ရာရအပြီး စစ်ကောင်စီက ဒေသခံ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတာလို့ ဆိုပါတယ်။
“အုပ်ကြီးနဲ့အဖွဲ့ သေနတ်နဲ့အပစ်ခံရပြီး ရွာက ကလေးတွေ အဖမ်းခံရတယ်။ ကျနော် သိသလောက်တော့ လူငယ် ၅ ဦးလောက်ကို ဒေးဒရဲ ရဲစခန်း ခေါ်သွားတယ်။ ဘယ်အဖွဲ့က ပစ်တာလဲတော့ မသိဘူး” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
အမည်မသိသေနတ်သမားက ပစ်ခတ်ခဲ့တာကြောင့် အုပ်ချုပ်ရေးမှူး လှထွဋ်နဲ့ အဖွဲ့ဝင်တဦး ကျည်ထိမှန်ဒဏ်ရာနှစ်ချက် ရရှိပြီး သေဆုံးသူ မရှိခဲ့ပါဘူး။
အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ ပစ်ခတ်ခံရအပြီးမှာ စစ်ကောင်စီတပ်က တိုးကျေးရွာအတွင်း ပိတ်ဆို့ စစ်ဆေးတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။