ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ၁၃ ရပ်ကွက်၊ ရတနာလမ်းမှာ စက်တင်ဘာ ၁၇ ရက် မနက်က ရာအိမ်မှူး တယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ဒီနေ့မနက် ၈ နာရီဝန်းကျင်က နေအိမ်ရှေ့ လမ်းလျှောက်နေတဲ့ ရာအိမ်မှူးကို အနောက်ကနေ သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
"သူလမ်းလျှောက်နေတဲ့ အချိန် အနောက်ကနေ ကပ်လိုက်လာပြီး ပစ်သွားတာ ငါးချက်ပစ်တာ ပွဲချင်းပြီးပဲ"
သေဆုံးသူမှာ ရာအိမ်မှူးဦးအောင်စိုးဖြစ်ပြီး ကျည်ထိမှန်ဒဏ်ရာလေးချက်နဲ့သေဆုံးကာ ရန်ကုန် ဆေးရုံကြီးကို ပို့ဆောင်လိုက်တယ်လို့ အဆိုပါလမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
လတ်တလော စစ်ကောင်စီတပ်တွေဟာ ၁၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ ရတနာလမ်းမှာ လမ်းကို ပိတ်ပြီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
အမှတ် ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက ရာအိမ်မှုးဦးဟန်အေးဟာလည်း ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက် နေ့လယ်က သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါသေးတယ်။
အလားတူ လှိုင်မြို့နယ် ၁၃ ရပ်ကွက်မှာ ၂၀၂၁ ခုနှစ် ဇွန်လ ၂၃ ရက် အမျိုးသားရေး လှုပ်ရှားသူဦးကျော်(ခ)ဦးကျော်အေးနဲ့ အောက်တိုဘာ ၂၃ ရက် ညနေပိုင်းမှာ သတင်းပေးလို့ နာမည်ထွက်နေသူ ဦးသိန်းဦး သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်။
ရန်ကုန်တိုင်းရှိ မြို့နယ်တချို့မှာ စက်တင်ဘာ ၁ ရက်မှ ၁၇ ရက်အထိ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု ၂၄ ကြိမ်ဖြစ်ခဲ့ပြီး ငါးယောက်သေဆုံးကာ ခြောက်ယောက် ဒဏ်ရာရ ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်စ်ပြည်နယ်၊ ချီကာဂိုမြို့ရဲ့ မြို့နယ်ခွဲတခုမှာ ဇူလိုင် ၄ ရက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အများပြည်သူလမ်းလျှောက်နေချိန် သေနတ်သမား တယောက်က တိုက်အမြင့်ကနေ သေနတ်နဲ့ လှမ်းပစ်လို့ လူ ၆ ယောက်ထက်မနည်း သေဆုံးသွားပါတယ်။
ဟိုက်လန်းဒ်-ပါ့ခ် ဆင်ခြေဖုံးရပ်ကွက် ပစ်ခတ်မှုဖြစ်စဉ်ကြောင့် လူ ၃၁ ယောက် ဒဏ်ရာရခဲ့ တယ်လို့ ဆေးရုံရဲ့ ပြောခွင့်ရသူက တယောက်က ပြောပါတယ်။
သေနတ်သမားဟာ လုံခြုံရေးလှေခါးမရှိတဲ့ ခေါင်မိုးပေါ်ကနေ ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်ခဲ့တဲ့ နေရာမှာ ရိုင်ဖယ်သေနတ်တလက်ကို ရဲက ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ ပါဝါမြင့် ရိုင်ဖယ် သေနတ်ကို အသုံးပြု ပစ်ခတ်ခဲ့သူဟာ အသက် ၂၂ နှစ်အရွယ် ရောဘတ်ခရီမိုလို့ အတည်ပြုထားပါတယ်။
သူဟာ လက်နက်ကိုင်ဆောင်ထားသလို အန္တရာယ်ရှိတယ်လို့ ယူဆထားပြီး ငွေရောင် 2010 Honda Fit မော်တော်ကားကို မောင်းနှင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒါကြောင့် အသက် ၁၈ နှစ်နဲ့ ၂၀ ကြားရှိ လူဖြူ အမျိုးသားတယောက်ကို ရဲက အပူတပြင်း ရှာဖွေ နေသလို ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေးဗီဒီယိုတွေနဲ့ ဆဲလ်ဖုန်းဗီဒီယိုတွေ ကူညီပေးကြဖို့ ရဲတပ်ဖွဲ့က ပြည်သူတွေကို မေတ္တာရပ်ခံခဲ့ပါတယ်။
လမ်းလျှောက်ချီတက်ပွဲမှာ သမီးငယ်နဲ့အတူ ပါဝင်ခဲ့တဲ့ အာမာရာနီ ဂါစီယာဆိုတဲ့အမျိုးသမီးကတော့ သေနတ်ပစ်ချိန်မှာလူတွေ အော်ဟစ်ပြေးလွှားခဲ့ကြတာ အလွန် ကြောက်လန့် တုန်လှုပ်စရာ ကောင်းတယ်လို့ ပြန်ပြောပြပါတယ်။
“ကျမ သိပ်ကြောက်သွားတယ်။ ကျမ သမီးလေးကို ဈေးဆိုင်လေး ဘေးမှာ ပုန်းခိုင်းထားခဲ့တယ်။ ဒီလို ကြုံလိုက်ရတဲ့အတွက် ကျမ စိတ်ထဲမှာ ဘယ်လိုမှ မလုံခြုံတော့ပါဘူး”
ပစ်ခတ်မှုကြောင့် လူခြောက်ဦး သေဆုံးပြီး အနည်းဆုံး နှစ်ဒါဇင် ဒဏ်ရာရရှိခဲ့တာကြောင့် လွတ်လပ်ရေးနေ့ စိတ်တက်ကြွစရာ မျိုးချစ်စိတ်ဓာတ်ပြပွဲကနေ ကြောက်လန့်စရာ အခင်းအကျင်းကို ပြောင်းလဲ သွားခဲ့ရပါတယ်။
အသတ်ခံရသူတွေထဲမှာ မက္ကဆီကိုနိုင်ငံသား တယောက် အနည်းဆုံးပါဝင်ကြောင်း မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်း အရာရှိတစ်ဦးက တွစ်တာလူမှုကွန်ရက်မှာ ပြောပါတယ်။
သမ္မတ ဂျိုးဘိုင်ဒင်နဲ့ သမ္မတ ကတော်တို့ကတော့ “ဒီလွတ်လပ်ရေးနေ့မှာ အမေရိကန်အသိုင်းအဝိုင်းကို ထပ်ပြီး ဝမ်းနည်းပူဆွေးမှုတွေဖြစ်ပေါ်စေတဲ့ အသိတရားမဲ့ သေနတ်ပစ်ခတ်မှုတွေကြောင့် ထိတ်လန့်တုန်လှုပ်ခဲ့ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
အခု ပစ်ခတ်မှုကြောင့် မေ ၂၄ က တက္ကဆတ်က မူလတန်းကျောင်းမှာ ကျောင်းသားကျောင်းသူ ၁၉ ယောက်နဲ့ ဆရာမ နှစ်ယောက် သေဆုံးခဲ့ရတဲ့ သေနတ်ပစ်မှု၊ မေ ၁၄ ရက်က ဘက်ဖလိုး မြို့က စားသောက်ကုန်ရောင်းတဲ့ စတိုးဆိုင်မှာ လူ ၁၀ ယောက်သေဆုံးခဲ့ရတဲ့ သေနတ်ပစ်မှုတွေကို အမေရိကန်တွေ ပြန်ပြီး သတိရစေပါတယ်။
သေနတ်ပစ်မှုဖြစ်တဲ့ ဟိုက်လန်းပါ့ခ် မြိုနယ်ခွဲမှာ လူဦးရေ ၃၀,၀၀၀ ရှိပြီး ၉၀ ရာခိုင်နှုန်းက လူဖြူတွေ နေထိုင်ကြကာ လူဦးရေရဲ့ သုံးပုံတပုံက ဂျူးဘာသာဝင်တွေ ဖြစ်တယ်လို့ စာရင်းဇယားတွေမှာ ဖော်ပြနေပါတယ်။
အခု ပစ်ခတ်မှုကြောင့် အမေရိကန်ပြည်ထောင်စုမှာ သေနတ်ကိုင်ဆောင်ခွင့်၊ လက်နက်ထိန်းချုပ်ခြင်းတို့နဲ့ ပတ်သက်လို့ ဆွေးနွေးငြင်းခုန်မှုတွေကို ပြန်ပြီး အရှိန်ရလာဖွယ် ရှိပါတယ်။