ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်က ပင်လယ်စာဆိုင်တခုမှာ စက်တင်ဘာ ၁၀ ရက်က ဈေးဝယ်နေတဲ့ မူးယစ်ရဲအုပ်အပါအဝင် ရဲ ၃ ယောက် သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
အဲဒီနေ့ ညနေ ၃ နာရီလောက်က ရွှေဂဏန်း ပင်လယ်စာဆိုင်မှာ ဈေးဝယ်နေချိန် အမည်မသိလူ တစုက ကားနဲ့ရောက်လာပြီး မူးယစ်ရဲအုပ်နဲ့ ရဲတပ်ကြပ် ၂ ယောက်ကို ပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။
ဒေသခံတဦးက "ပင်လယ်စာဆိုင်က ထွက်လာတုန်း ကားနဲ့ လာပစ်သွားတာ။ ၈ ချက်လောက် ရှိတယ်။ တယောက် သေတယ်။ နှစ်ယောက်က ဒဏ်ရာ ပြင်းတယ်။ ဆေးရုံ ခေါ်သွားပြီ။ ဘယ်သူ ပစ်တာလဲတော့ မသိရဘူး" လို့ ပြောပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရသူတွေထဲက မူးယစ်ရဲတပ်ဖွဲ့က ရဲအုပ် အောင်ကိုလတ် သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်တဲ့ ရဲတပ်ကြပ် ၂ ယောက်ကိုတော့ ဖားကန့်ဆေးရုံမှာ ဆေးကုသပေးနေပါတယ်။
သြဂုတ်လအတွင်းကလည်း ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအခြေစိုက် ရဲတပ်ရင်း ၃၀ က ဒုရဲမှူး ကိုကိုလွင်ဟာ မှော်ရှန်ရပ်ကွက်မှာ ဈေးဝယ်နေချိန် အမည်မသိအဖွဲ့က သေနတ်နဲ့ ၁၀ ချက်ထက် မနည်း လာရောက်ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပါသေးတယ်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ နိုဝင်ဘာ ၂ ရက် ဒီကနေ့ မွန်းတည့်ချိန်လောက်က မြို့တွင်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကယားပြည်နယ်လွှတ်တော် ညွှန်ကြားရေးမှူး ထိခိုက်ဒဏ်ရ ရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်လောက်မှာ လွိုင်ကော်မြို့၊ နောင်ယား အထက ၂ ကျောင်းနားမှာ သေနတ် ၁၅ ချက်လောက် ပစ်ခတ်သံကြားခဲ့ပြီး ဒီပစ်ခတ်မှုမှာ လွှတ်တော်ညွန်မှူး ဦးကျော်စိုးသူ သေနတ်ကျည်ဆန်ထိမှန် ဒဏ်ရာရသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ကယားလွှတ်တော်ညွှန်ကြားရေးမှူး ဦးကျော်စိုးသူဟာ CDM အာဏာဖီဆန်လှုပ်ရှားမှုမှာ ပါဝင်တဲ့ လွှတ်တော်ဝန်ထမ်းတချို့ကို အလုပ်ထုတ်ခဲ့သလို စစ်ကောင်စီတပ်နဲ့ပူးပေါင်းဆောင်ရွက် နေသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သူ့ကို ဘယ်သူ၊ ဘယ်အဖွဲ့အစည်းက ဘာကြောင့် ပစ်ခတ်သွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။