ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ ပခုက္ကူမြို့မှာ အောက်တိုဘာ ၁၈ ရက် ည ၈ နာရီ မိနစ် ၂၀ လောက်က မြို့ရှောင်လမ်းက မြို့ဝင်ဂိတ်အနီး ဖြတ်သန်းသွားလာသူကို စစ်ကောင်စီတပ်က ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ လမ်းဘေးအနီးဝန်းကျင် ဒေသခံတွေဆီက သိရပါတယ်။
ဂိတ်အနီး ဖြတ်သန်းသွားတဲ့ ဆိုင်ကယ်စီးသွားတဲ့ အမျိုးသားကို သေနတ်နဲ့ အချက်ပေါင်းများစွာ လိုက်လံပစ်ခတ်ခဲ့တာဖြစ်တယ်ပြီး သေနတ်ကျည်ဆန် ထိမှန်ခြင်းရှိမရှိတော့ မသိရသေးဘူးလို့ လမ်းအနီးဝန်းကျင် မျက်မြင်တွေ့သူတွေက ပြောပါတယ်။
ဒေသခံတစ်ဦးက “ည ၈ နာရီမထွက်ရဆိုတာကို ထွက်လာလို့ နေမှာပေါ့၊ အချက်က ပစ်တာက ၆ ချက်လောက် ရှိတယ် လိုက်ပစ်တာ။ ပစ်တာကတော့ ဆက်တိုက်လိုက်ပစ်တာ အတွဲလိုက်ပစ်တာ၊ မှန်တော့ မမှန်ဘူး ထင်တယ်။ ဆိုင်ကယ်သမားကတော့ အတင်းမောင်းပြီးတော့ မြို့ထဲဝင်လာတာပဲ။ ဟိုတနေ့ကလည်း အဲဒီဂိတ်မှာပဲ ဗုံး နှစ်ခါပေါက်သေးတယ်။ အဲဒါကြောင့် အစောင့်တွေ ပိုချထားပုံရတယ်။ ည ၈ နာရီကနေ မနက် ၄ နာရီအထိ အပြင်မထွက်ရအမိန့် ထုတ်ထားတာ အခုဟာက ၈ နာရီကျော်ပြီဆိုတော့ သူတို့က ပစ်တာထင်တယ်” လို့ ပြောပါတယ်။
ပခုက္ကူမြို့မှာ ည ၈ နာရီကနေ မနက် ၄ နာရီအထိ အပြင်မထွက်ရအမိန့် ထုတ်ထားတဲ့အပြင် မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ အပြင်မထွက်ရအမိန့် ထုတ်ထားတာဖြစ်ပါတယ်။
ပခုက္ကူမြို့ရဲ့ မြို့ဝင် ၄ နေရာကို စစ်ကောင်စီတပ်တွေက ဂိတ်တွေနေရာချထားပြီး ညနေ ၄ နာရီကျော်မှသာ မြို့ထဲ အဝင်ခံတာဖြစ်ပါတယ်။ တစ်ရက်နဲ့ တစ်ရက် တူညီမှုမရှိဘဲ တချို့ရက်တွေမှာ ညနေ ၅ နာရီမှသာ မြို့ထဲ အဝင်ခံတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ အမည်မသိ လူတစ်စုက ဩဂုတ် ၁၂ ရက် မနက် ၇ နာရီ လောက်က သေနတ်နဲ့ လာရောက်ပစ်ခတ်လို့ လူ ၂ ဦး ဒဏ်ရာရရှိပြီး ၈ လသားအရွယ် မိန်းကလေး ၁ ဦး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အမှတ် ၄ ရပ်ကွက်က မုန့်ဟင်းခါးရောင်းတဲ့ ကိုငြိမ်းချမ်းကို ဒီနေ့မနက် ၇ နာရီ လောက်က နေအိမ်ရှေ့မှာ ၈ လ အရွယ်သမီးဖြစ်သူနဲ့ အတူရှိနေစဉ် အမည်မသိလူ ၄ ဦးက ဆိုင်ကယ် ၂ စီးနဲ့ရောက်ရှိလာပြီး "မုန့်ဟင်းခါး ခေါက်ဆွဲရလား" လို့မေးကာ သေနတ်နဲ့ ၄ ချက် ပစ်ခတ်ပြီး ဆိုင်ကယ်မောင်း ထွက်ပြေးသွားတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။
အဆိုပါပစ်ခတ်ခံရမှုကြောင့် ကိုငြိမ်းချမ်းမှာ ယာဘက်လက်မောင်း ၁ ချက်၊ ဝဲလက်မောင်းရှပ်ထိ ၁ ချက် (မစိုးရိမ်ရ)၊ ဒဏ်ရာများရရှိပြီး ၈ လသမီး မငြိမ်းငြိမ်းမှာ နဖူးဖောက်ဝင် နောက်စေ့ဖောက်ထွက် သေနတ် ဒဏ်ရာနဲ့ သေဆုံးသွားပြီး အနီးက ဖြတ်သွားသူ အမျိုးသမီးတစ်ဦးမှာ ယာဘက်ခြေမျက်စိအောက် ဖောက်ဝင် ၁ ချက် (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။
အခင်းဖြစ်နေရာမှာ USA 380 AUTO တံဆိပ်ပါ ငွေရောင်ကျည်ခွံ ၂ ခွံနဲ့ ၁ တောင့်၊ USA 380 AUTO တံဆိပ်ပါ ကြေးရောင် ကျည်ခွံ ၂ ခွံနဲ့ ၂ တောင့် တွေ့ရှိတယ်လို့ သိရပါတယ်။
မြင်းခြံမြို့ အမှတ် ၂ ရဲစခန်းက (ပ)၈၈/၂၀၂၁ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၀၇/၁၁၄ နဲ့ အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။