close

သေနတ်အတု

close

March 1, 2023

ပုဇွန်တောင် CB ဘဏ်ခွဲကို သေနတ်အတုဖြင့် ဓားပြတိုက်သူ ဆယ်ကျော်သက် လူငယ် ၂ ဦး ဖမ်းဆီးခံရ

ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းမပေါ်ရှိ CB ဘဏ်မှာ မတ်လ ၁ ရက် ဒီနေ့မနက် ၁၀ နာရီခွဲလောက်က သေနတ်အတုနဲ့ ခြိမ်းခြောက်ကာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး အသက်မပြည့်သေးတဲ့ လူငယ် နှစ်ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဘဏ်ဝန်ထမ်း အမျိုးသမီးတဦးက “နှစ်ယောက်ဝင်လာတာ၊ တယောက်လက်ထဲမှာ သေနတ်အတိုပါတယ်ရှင့်၊ တယောက်က ဓားမြောင်ကိုင်ထားတယ်။ ဘဏ်ဝန်ထမ်းတယောက်ကို သေနတ်နဲ့ချိန်ထားပြီး နောက်တယောက်က ကောင်တာပေါ်ရှိသမျှ ပိုက်ဆံတွေကို အိတ်ထဲထည့်နေတာ။ သူတို့ပြန်အထွက်မှာပဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ဖမ်းဆီးသွားပါပြီ” လို့ ပြောပါတယ်။

အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း ဓားပြတိုက် လုယက်မှုတွေ မကြာခဏ ဖြစ်ပွားနေတဲ့အတွက် ဘဏ်တွေမှာ အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းပုန်းဝပ် လုံခြုံရေးရယူထားတာတွေ ရှိတယ်လို့ ဆိုပါတယ်။

သူထူးအောင် (၁၅ နှစ်)၊ သန့်ဇင်အောင် (၁၄ နှစ်) တို့ကို ပစ္စတိုသေနတ်အတု တလက်၊ ဓားမြောင်နှစ်ချောင်း၊ ငွေကျပ် သိန်း ၁၆၀ တို့နဲ့အတူ ဘဏ်အထွက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်ကလည်း လှိုင်သာယာမြို့နယ်က CB ဘဏ် ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်း ၅၀ ခန့် ယူဆောင်သွားကာ တရားခံဖြစ်သူတွေကို ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးပါဘူး။

13 mins Ago

February 12, 2020

မြောက်ဒဂုံ စီဘီဘဏ်ကို သေနတ်အတု၊ ဗုံးအတုဖြင့် ဓားပြတိုက်သူ ဖမ်းဆီးရမိ

ရန်ကုန်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ စီဘီဘဏ်ဝန်ထမ်းတွေကို သေနတ်နဲ့ ခြိမ်းခြောက် ဗုံးအတုထားခဲ့ပြီး ငွေကျပ်သိန်း ၆၀၀  ဓားပြတိုက်ပြေးသွားသူကို ဖမ်းဆီးရမိပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။  ဖေဖော်ဝါရီ ၇ ရက်မနက်က ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၅)ရပ်ကွက်၊ ပင်လုံလမ်းနဲ့ အဏ္ဏဝါလမ်းသွယ်ထောင့်ရှိ စီဘီဘဏ်ကို အမျိုးသားတစ်ဦးက ဝင်ရောက်လာပြီး ဘဏ်ဝန်ထမ်းတွေကို သေနတ်နဲ့ ခြိမ်းခြောက်ကာ ဗုံးလို့ ယူဆရတဲ့ အရာဝတ္ထုကို ချထားခဲ့ပြီး ငွေကျပ်သိန်း ၆၀၀ လောက် လုယူကာ ကားနဲ့ ထွက်ပြေးလွတ်မြောက်သွားတာ ဖြစ်ပါတယ်။ ဒီအမှုကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့ရာ တာဝန်သိပြည်သူတွေရဲ့ သတင်းပေးချက်အရ ပြစ်မှုကျူးလွန်သူ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အင်ကြင်းမြိုင်လမ်း၊ အမှတ်(၃၃)ရပ်ကွက်နေ တရားခံ စိုးကျော်ကျော်(၄၇-နှစ်)ကို ဖေဖော်ဝါရီ ၁၁ ရက် ည ၆ နာရီခွဲ မှာ ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုတဲ့ Probox ကားအပါအဝင် လုယက်သွားတဲ့ မြန်မာငွေကျပ်သိန်း ၃၇၀ ကျော်၊ လုယူငွေတွေနဲ့ လဲလှယ်ထားတဲ့ အမေရိကန်ဒေါ်လာ ၇၀၀၀ နဲ့တကွ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲသတင်းမှာဖော်ပြပါတယ်။ တရားခံ စိုးကျော်ကျော်ဟာ အရေးကြီးငွေလိုအပ်နေတဲ့အတွက် ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကာ ဘောစေ့နဲ့ ပစ်ရတဲ့ သတ္တုကိုယ်ထည် သေနတ်အတု၊ ဗုံးအတုတို့နဲ့ ပြစ်မှုကျူးလွန်ခဲ့တာ ဖြစ်ကြောင်းနဲ့ ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့တဲ့ ယာဉ်နံပါတ်အတုတို့ကို ရှာဖွေ ဖော်ထုတ်သိမ်းဆည်းရမိခဲ့တယ်လို့ ရဲသတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
3 years Ago
Up