close

သောက်ရေခပ်ရွာ

close

March 13, 2022

စစ်တပ်က သောက်ရေခပ်ရွာကို လက်နက်ကြီးဖြင့်ပစ်ခတ်ပြီး ဒေသခံများအား ရွာမှအပြီးထွက်ခိုင်း

ကရင်ပြည်နယ်၊ သံတောင်မြိုနယ်၊ သောက်ရေခပ်ကျေးရွာမှာ ဖေဖော်ဝါရီ ၁၂ ရက် မနက် ၁၀ နာရီက စစ်ကောင်စီရဲ့ ခမရ ၆၀၄ တပ်ရင်း(သောက်ရေခပ်ကျေးရွာအခြေစိုက်)၊တပ်ရင်းမှူးက ဒေသခံကျေးရွာသားတွေကို ကျေးရွာကနေ အပြီးထွက်ခွာသွားဖို့ အမိန့်ပေးခဲ့တယ်လို့ ဒီကနေ့မှာ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ခမရ ၆၀၄  တပ်ရင်းမှူး ဟိန်းစံထွန်း ကျေးရွာအတွင်းကနေ အပြီးထွက်ခွာသွားဖို့အမိန့်‌ပေးခဲ့သလို အဲဒီနေ့ ညနေ ၅ နာရီလောက်က ကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တဲ့အတွက်  ဒေသခံတွေဟာ ထွက်ပြေးပုန်းရှောင်နေကြရသလို့ ထွက်ပြေးပုန်းရှောင်သူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအများဆုံးပါဝင်တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၉ ရက် ညနေ ၆ နာရီခွဲလောက်က စစ်ကောင်စီရဲ့ ခမရ ၆၀၄ တပ်စခန်းကနေ ထဖိုချီးကျေးရွာအတွင်းကို  လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့သလို  ည ၈ နာရီလောက်မှာ တပ်ရင်းမှူး ဟိန်းစံထွန်းဦးဆောင်တဲ့ တပ်ဖွဲ့ဝင် ၁၂ ဦးနဲ့အတူ  သောက်ရေခပ်ကျေးရွာ၊ အမှတ် ၄ ရပ်ကွက် အတွင်းက နေအိမ်တချို့ကိုဝင်ရောက်ပြီး အိမ်သုံးပစ္စည်းတွေ၊ စားသောက်ကုန်တွေနဲ့  ရာသီထွက်ကုန်နနွင်းခြောက်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ရွာသားတဦးက “အပြီးထွက်ခိုင်းတဲ့ သောက်ရေခပ်ကျေးရွာက  KNLA၊ စစ်တပ်နဲ့ ကယန်းပြည်သစ် သုံးပွင့်ဆိုင်ရှိတော့ လူကြီးတွေ ညှိနေကြတယ်။ အိမ်‌ခြေ ၄၀ ကျော် လောက်ရှိတဲ့ ထဖိုးချီးရွာက ဒေသခံတွေကတော့ ကြောက်ပြီး ထွက်ပြေးကုန်ပြီ။ ဘာကြောင့် ထွက်ခိုင်းလဲဆိုတာက  သေချာမသိဘူး။ သူတို့ခိုင်းတဲ့အတိုင်းမလုပ်ရင် အသတ်ခံရမှာ။ ရွာသားတွေကြောက်ပြီး အခု ထွက်ပြေးနေရတယ်။” လို့ ပြောပါတယ်။

ဒါ့အပြင် ကေအန်ယူ ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာနနဲ့ ဒေသခံကျေးရွာသားတွေ ပူးပေါင်းလုပ်ဆောင်ထားတဲ့ ကိုဗစ်ကာကွယ်တားဆီးရေးဂိတ်ကိုပါ မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၈ ရက် မနက် ၅ နာရီလောက်က ကေအန်ယူ၊ ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ၊ တောင်ငူခရိုင်၊ ဒေါ်ဖခိုမြို့နယ်(သံတောင်မြို့နယ်)ငှက်ပျောတောကျေးရွာအုပ်စု၊ သကွဲပလိုအထက်ကျေးရွာနဲ့ သကွဲပလိုအောက်ကျေးရွာအကြားမှာ စစ်ကောင်စီရဲ့တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဆိုပါနေ့  နေ့လယ ၁ နာရီလောက်မှာ  ခမရ ၆၀၄ လက်အောက်ခံတပ်ဖွဲ့ဝင်တွေနဲ့ ငှက်ပျောတောကျေးရွာအုပ်စု ၊ ထာသောဖိုလီကျေးရွာက ဒေသခံကျေးရွာသား စောအောင်အောင်ကို ပစ်သတ်ခဲ့တဲ့အပြင် ခရစ်ယာန်ဘုရားရှိခိုးကျောင်းအတွင်းက ပစ္စည်းတွေနဲ့ နေအိမ် ၃ လုံးကို  မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလကစတင်ပြီး ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်(တောင်ငူ၊လွိုင်ကော်လမ်း) ကို ဆက်သွယ်သွားလာနေတဲ့ ကားလမ်းပိုင်းမှာ စစ်ကောင်စီရဲ့တပ်တွေက စစ်ရေးလုပ်ရှားမှုတွေ ပိုမိုလှုပ်ဆောင်လာတဲ့အတွက် မကြာခဏ နှစ်ဖက်တိုက်ပွဲ‌တွေ ဖြစ်ပွားနေပါတယ်။

သံတောင်မြို့နယ်အတွင်း ဒေသခံတွေဟာ တပိုင်တနိုင်ဥယျာဉ်ခြံ လုပ်ငန်းခွင်တွေအထိဝင်ရောက်ပြီး စစ်ဆေးမေးမြန်းတာတွေ ရင်ဆိုင်နေရတဲ့အတွက် လွတ်လပ်စွာသွားလာခွင့်မရှိတဲ့အပြင် စစ်ကောင်စီရဲ့ မတရားဖမ်းဆီး ပစ်သတ်ခံရမှာကို စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

2 mins Ago
Up