ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ နွေရာသီ သောက်သုံးရေကန် ခန်းခြောက်သွားလို့ ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေ သောက်သုံးရေရှားပါးမှု အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြောက်ဦးမြို့နယ် ပြလှကျေးရွာမှာ သောက်သုံးရေကန် ခန်းခြောက်သွားပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဒေသခံရွာသားတွေနဲ့ စစ်ဘေးရှောင် ပြည်သူတွေ သောက်သုံးရေရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ပြလှကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“သောက်သုံးရေကန် ခန်းခြောက်သွားတာတော့ တလလောက်ရှိပါပြီ။ အဲဒီရေကန်ကို ပြလှကျေးရွာက အိမ်ခြေ ၁၄၀ က ပြည်သူတွေအပြင် လက္ကာ၊ ဝေသာလီ၊ ပေါက်တောပြင် ကယ်ဆယ်ရေးစခန်းတွေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်က စစ်ဘေးရှောင် ပြည်သူတွေပါ သုံးစွဲနေကြတာ။”
ရေကန်က ကြီးပေမဲ့ ရာသီဥတုမမှန်လို့ မိုးရေဝင်ရောက်မှု နည်းပါးကာ ကန်မှာ မိုးရေတဝက်လောက်တောင် မရရှိခဲ့ဘဲ စစ်ဘေးရှောင်စခန်းတွေက ပြည်သူတွေပါ ဝိုင်းဝန်းသုံးဆွဲတာကြောင့် ကန်ရေခန်းခြောက်ခဲ့ရတာလို့ ဆိုပါတယ်။
ဘေးပတ်ဝန်းကျင်ကျေးရွာတွေမှာ သောက်သုံးရေကန်တွေ ရှိပေမဲ့ သူတို့ရွာမှာ ရေရှားပါးမှု ဖြစ်မှာကို စိုးရိမ်ကာ ပိတ်ပင်တားမြစ်ထားတာကြောင့် ဝေးလံတဲ့နေရာတွေကို ရေလမ်း၊ ကုန်းလမ်း ၂ ဆင့်နဲ့ သွားရောက်ခပ်ယူနေကြရတယ်လို့ ဆိုပါတယ်။
ရေကတော့ ဝေသာလီဆည်နဲ့ အဘောင်တော်ဆည်တွေမှာ ရှိပေမဲ့ ရေကားဝင်ရောက်နိုင်ဖို့က တိမ်ညိုဘက်ကနေ ပတ်ပြီးဝင်ရမှာဖြစ်သလို တံတားပျက်စီးနေလို့ ရေကားဝင်ဖို့ အဆင်မပြေတာကြောင့် တံတားကို ကိုယ်ထူကိုယ်ထ ပြုပြင်နေကာ သိန်း ၃၀ ကျပ်ဝန်းကျင်လောက် ကုန်ကျနိုင်တယ်လို့ ပြောပါတယ်။
အဲဒီသောက်သုံးရေကန်ကိုတော့ ရွာကနေ ရန်ပုံငွေတွေကောက်ခံပြီး သိန်း ၁၂၀ ကျပ် ကုန်ကျခံ တူဖော်ထားပေမဲ့ ဆက်လက်တူးဖော်နိုင်ဖို့ ငွေရေးကြေးရေး အခက်အခဲတွေရှိနေလို့ ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့ မိမိတို့တတ်နိုင်သ၍ ထောက်ပံ့ကူညီပေးကြဖို့ အကူအညီ တောင်းခံချင်တယ်လို့ ဆိုပါတယ်။
တံတားပြုပြင်တည်ဆောက်ပြီးရင်တော့ ရေကားတွေကို ဆက်သွယ်အကူအညီ တောင်းထားပြီး NGO အဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ သောက်သုံးရေတွေ အခမဲ့ ဖြန့်ဝေပေးသွားမယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကန်ချောင်ကျေးရွာမှာ သောက်သုံးရေကန်တွေ ခန်းခြောက်သွားလို့ ရေရှားပါးမှုပြဿနာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ကန်ချောင်းကျေးရွာမှာ ဖေဖော်ဝါရီလ တတိယပတ်လောက်ကစလို့ သောက်သုံးရေကန်တွေ ခန်းခြောက်သွားပြီး ရေရှားပါးမှုပြဿနာနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ ကံချောင်းကျေးရွာ ဒေသခံ ကိုထွန်းထွန်းဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရေကန်တွေ ခန်းခြောက်သွားတော့ လတ်တလောက် အခြေအနေမှာ တမိုင်၊ နှစ်မိုင်လောက် ကွာဝေးတဲ့ တောတောင်တွေထဲက စိမ့်စမ်းရေတွေကို သွားခပ်ပြီး သုံးစွဲနေကြရတယ်။ နောက်နှစ် နွေရာသီကာလမှာ သောက်သုံးရေရှားပါးမှု မဖြစ်အောင်တော့ အဲဒီရေကန်တွေကို ရွာသူရွာသားတွေ ဝိုင်းဝန်းတူးဖော်နေကြပေမဲ့ ဘက်ဟိုးနဲ့တူးတာမဟုတ်တော့ သိပ်အဆင်မပြေဘူးဗျ။ ဘက်ဟိုးနဲ့ တူးဖော်မယ်ဆိုရင်တော့ ငွေကျပ် သိန်း ၅၀ လောက် ကုန်ကျနိုင်တယ်။”
တချို့ကျေးရွာတွေမှာတော့ ဌာနဆိုင်ရာတွေက သောက်သုံးရေကန် ပြုပြင်မွမ်းမံစရိတ်တွေ ချပေးပေမဲ့ ကန်ချောင်းကျေးရွာကို မွမ်းမံစရိတ် ချမပေးတဲ့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းပြည်ပမှာရှိတဲ့ အလှူရှင်တွေရဲ့ ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ ကိုထွန်းထွန်းဦးက ဆိုပါတယ်။
“ရေကန်တူးဖော်ပြုပြင်တာတွေက မိုးရာသီမရောက်ခင် လုပ်ကြရမှာဗျ။ မိုးကျသွားရင် လုပ်လို့ အဆင်မပြေတော့ဘူး။ အဲဒီရေကန်တွေကို တူးဖော်မှသာ ၁၂ ရာသီလုံး ရေသိုလှောင်နိုင်မှာဖြစ်ပြီး သောက်သုံးရေရှားပါးတဲ့ အခက်အခဲကို ရင်ဆိုင်ဖြေရှင်းနိုင်မယ်။”
ကန်ချောင်းကျေးရွာမှာ အိမ်ခြေ ၂၂၀ ကျော်လောက်ရှိပြီး လူဦးရေ ၁,၀၀၀ ကျော်လောက် နေထိုင်ကြကာ အနီးပတ်ဝန်းကျင်က ကျောက်ခွဲပြင်၊ ကျောက်ပြင်ဆိပ် ကျေးရွာတွေမှာလည်း သောက်သုံးရေရှားပါးတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။