တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ အပါအဝင် ကော့သောင်းမြို့နယ်ရဲ့ ကျေးရွာတွေမှာ အခု မတ်လလယ်လောက်ကစပြီး သောက်သုံးရေ ရှားပါးလာတဲ့အတွက် ရေအခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ချိုးရေက ပြဿနာမရှိဘူး။ သောက်သုံးရေမရှိရင် ကျမတို့မှာ တော်တော်အခက်အခဲ ဖြစ်တယ်။ ရေမီတာနဲ့ပေးတဲ့ ရေကလည်း ၂၄ နာရီမလာဘူး” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
ကော့သောင်းမြို့မှာရှိတဲ့ ဒေသခံတွေဟာ ပုဂ္ဂလိက ရေပေးဝေရေးလုပ်ငန်းတွေကနေ သောက်သုံးရေကို သုံးစွဲနေရကာ ရေကားတကားကို ၂၅,၀၀၀ ကျပ်ပေးရပြီး ရေမီတာနဲ့ဆိုရင် တယူနစ်ကို ၃,၀၀၀ ကျပ်အထိ ပေးရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “Good Water ကုမ္ပဏီက ၁၄ မိုင်မှာရှိပြီး ၂၀၂၀ ခုနှစ်ကတည်းက စီစဉ်ခဲ့တဲ့ ဒီစီမံကိန်းဟာ လိုအပ်တဲ့နေရာတွေမှာ ရေစုကန်တွေလုပ်ကာ ၄ မိုင်အထိ ပိုက်လိုင်းတွေ ဆင်ပြီးပြီ။ သူတို့ကုမ္ပဏီက ရပ်ထားတာ မဟုတ်ဘူး။ မြို့ထဲအထိ ရေပေးဝေဖို့ကိစ္စအတွက် ပုဂ္ဂလိက ရေပေးဝေရေးလုပ်နေတဲ့သူတွေနဲ့ ညှိနှိုင်းနေတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဂျပန်နိုင်ငံက Jica ရဲ့ ချေးငွေကိုယူပြီး စည်ပင်က တာဝန်ယူပြီး လုပ်ခဲ့ပေမဲ့ အခုအချိန်ထိ ဒီစီမံကိန်းဟာ မအောင်မြင်ခဲ့ဘူး” လို့ ပြောပါတယ်။
ကော့သောင်းမြို့မှာ နှစ်စဉ် သောက်သုံးရေရှားပါးမှု ပြဿနာကို သက်ဆိုင်ရာ အစိုးရဌာနတွေ အနေနဲ့ ထိထိရောက်ရောက် တာဝန်ယူဖြေရှင်းပေးတာမျိုး မရှိသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ၊ သောက်သုံးရေရှားပါးမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရှိလို့ ကလေးသူငယ်တွေ၊ ကျောင်းသား၊ ကျောင်းသူတွေအပါအဝင် ဒေသခံတချို့ အရေပြားရောဂါတွေ ဖြစ်ပွားနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား၊ ရသေ့တောင် စသတဲ့မြို့နယ်တွေမှာရှိတဲ့ ကျေးရွာတချို့မှာ အရေပြားရောဂါတွေ အဓိက ဖြစ်ပွားနေတာလို့ ဒေသခံတွေက ဆိုပါတယ်။
ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာသားတစ်ဦးက''မုန်တိုင်းတိုက်ပြီးကတည်းက ရေကသောက်ရင် ငန်ပါတယ်။ အဲဒီနောက်ပိုင်း ယားနာတွေ ဖြစ်ကြပါတယ်။ ကလေးရော၊ လူကြီးပါ။ ပိုက်ဆံမရှိတော့ စစ်တွေမှာ သွားမကုနိုင်ကြပါဘူး။ လိမ်းဆေးတွေဝယ်ပြီး အိမ်မှာပဲကုကြပါတယ်''လို့ MPA ကိုပြောပါတယ်။
ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာမှာတော့ သောက်သုံးရေ မသန့်ရှင်းလို့ ကျောင်းသား၊ ကျောင်းသူ၊ ကလေးသူငယ်တွေ အပါအဝင် လူကြီးတွေပါမကျန် အရေပြားယားယံမှုဝေဒနာကို ခံစားနေကြရပါတယ်။
ဒီဒေသမှာ အသက် ၅ နှစ်အရွယ် ကလေးငယ်တွေ ဝမ်းရောဂါ မကြာခဏဖြစ်လေ့ရှိပြီး တစ်ရွာလုံးအသုံးပြုနေကြတဲ့ သောက်သုံးရေကန်တွေမှာ ဆားငံရေတွေ ဝင်ရောက်နေလို့ မသန့်ရှင်းတော့ဘူးလို့ ရွာသားတွေက ပြောပါတယ်။
ရခိုင်အခြေစိုက် သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသူတစ်ဦးက''ရာသီဥတု ပြောင်းလဲမှုကြောင့် ပြီးခဲ့တဲ့မိုးရာသီက ရခိုင်မှာ မိုးတအားခေါင်ခဲ့ပါတယ်။ အဲဒီ အကျိုးဆက်က အခု ရေရှားပါးလာပါတယ်။ နောက်ပြီး အနာရောဂါတွေလည်း ပိုဖြစ်လာကြတယ်''လို့ MPA ကို ပြောပါတယ်။
သဲခုံကျေးရွာမှာ အိမ်ခြေ ၄၀၀ ခန့်၊ လူဦးရေ ၁၉၀၀ ခန့်ရှိပြီး ကျေးရွာနေ ပြည်သူအများစုက ရေလုပ်ငန်းကို လုပ်ကိုင်ကြတာပါ။ ဒီရွာမှာ သောက်သုံးရေပြဿနာကို နှစ်စဥ်ကြုံတွေ့နေကြရပေမဲ့ အခုနှစ် မိုးရာသီက မုန်တိုင်းကြောင့် သောက်သုံးရေကန်တွေထဲကို ပင်လယ်ရေတွေ ဝင်ရောက်ခဲ့ပါတယ်။
ဒါကြောင့် ဆားငံရေဝင်နေတဲ့ ရေတွေကိုသာ သောက်သုံးနေရတဲ့အပြင် ရွာမှာ ကျေးလက်ကျန်းမာရေးဌာနလည်း မရှိလို့ ကျန်းမာရေးစောင့်ရှောက်မှုလည်း မရရှိဘူးလို့ ရွာသားတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက နယ်လှည့်ကျန်းမာရေး စောင့်ရှောက်မှုတွေကို မြို့ပေါ်မှာသာ ဟန်ပြလုပ်ဆောင်ပြနေပေမဲ့ အမှန်တကယ်လိုအပ်နေတဲ့ နေရာတွေကိုတော့ ရောက်မလာကြဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
Photo&News -MPA/Ni Ni