တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ လင်းလွန်ကျေးရွာကမ်းခြေမှာ သေဆုံးပြီး သောင်တင်နေတဲ့ ပေ ၄၀ ဝန်းကျင်အရှည်ရှိ ဝေလငါးတကောင်ကို ဖေဖော်ဝါရီ ၄ ရက်က တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဝေလငါးကို လင်းလွန်ကျေးရွာမြောက်ဘက် သောင်ပြင်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး အလျား ပေ ၄၀၊ အနံ ၈ ပေခန့်ရှိကာ သေဆုံးခဲ့တဲ့ ဝေလငါး ရုပ်ကြွင်းကိုတော့ ကမ်းခြေတနေရာကို ပြောင်းရွှေ့ပြီး စနစ်တကျ မြှုပ်နှံခဲ့တယ်လို့ ဆိုပါတယ်။
အခု သေဆုံးပြီး သောင်တင်နေတဲ့ ဝေလငါးက Balaenoptera edein (Andernson, 1878) မျိုးစိတ်ဖြစ်ပြီး သက်တမ်းအားဖြင့် နှစ် ၄၀ ကနေ နှစ် ၇၀ အထိ အသက်ရှင်နေနိုင်တယ်လို့ အဏ္ဏဝါဌာနကနေ သိရပါတယ်။
အခုလိုသေဆုံးမှုနဲ့ပတ်သက်ပြီး ဘာကြောင့်သေဆုံးတယ် ဆိုတာကိုတော့ အဲဒီ သေဆုံးနေတဲ့ ဝေလငါးကိုကြည့်မှသာ သိရှိနိုင်မှာဖြစ်တယ်လို့ မြိတ်တက္ကသိုလ် အဏ္ဏဝါဌာနက ဒီဗွီဘီ သတင်းဌာနကို ပြန်လည်ဖြေကြားထားပါတယ်။
မြန်မာပြည်ထဲက ကမ်းရိုးတန်းတွေမှာ အခုလို ရေနေသတ္တဝါတွေ သေဆုံးပြီး ကမ်းခြေမှာ လာတင်နေတဲ့ ဖြစ်စဉ်တွေလည်း မကြာခဏ တွေ့ရလေ့ရှိပါတယ်။
သြစတြေးလျနိုင်ငံ တက်စ်မေးနီးယားကျွန်း အနောက်ပိုင်းမှာ အစုလိုက်အပြုံလိုက် သောင်တင်နေတဲ့ ဝေလငါး ၂၀၀ နီးပါးဟာ ညတွင်းချင်း သေဆုံးခဲ့ပြီး ကျန် ၃၅ ကောင်ကို ကယ်ဆယ်ဖို့ စက်တင်ဘာ ၂၂ ရက်က အလျင်စလို လုပ်ဆောင်ခဲ့ပါတယ်။
တက်စ်မေးနီးယားကျွန်းရဲ့ အိုရှန်ကမ်းခြေမှာ ပိုင်းလော့ဝေလငါးကောင်ရေ ၂၃၀ လောက် စက်တင်ဘာ ၂၁ ရက်က သောင်တင်ခဲ့တာပါ။
“နောက်ထပ် နည်းနည်း ဆုံးရှုံးနိုင်တယ်ဆိုတာ မလွဲမသွေပဲလို့ ထင်ပါတယ်။ သူတို့ဟာ တကယ့်ကို စိတ်ဖိစီးမှုများတဲ့နေရာမှာ ရှိနေပါတယ်” လို့ အလုပ်အဖွဲ့မန်နေဂျာ ခရစ် ကာလီယွန်က ပြောပါတယ်။
ကယ်ဆယ်ရေးသမားတွေအတွက် အဓိကစိန်ခေါ်မှုက ၂ ဒသမ ၅ တန်လောက်လေးတဲ့ ဝေလငါးတွေနဲ့အတူ တိရစ္ဆာန်တွေကို ရေထဲပြန်မျောပါနိုင်ဖို့ ချီဆောင်ရတာပါ။
ရေထဲမျှောပြီးတာနဲ့ သူတို့ကို ရေနက်ပိုင်းဆီ လှေနဲ့ရွှေ့ပြီး ပြန်သောင်တင်မယ့် ဖြစ်နိုင်ခြေကို လျှော့ချဖို့ စီစဉ် လွှတ်ပေးခဲ့ရပါတယ်။
တက်စ်မေးနီးယားမှာ အစုလိုက်အပြုံလိုက် သောင်တင်နေတဲ့ ဝေလငါးအငယ် တဒါဇင်ကျော် သေဆုံးပြီးတဲ့နောက် ရက်ပိုင်းအကြာမှာ ခုလို ဝေလငါးကြီးတွေပါ သောင်တင်ခဲ့တာပါ။
လွန်ခဲ့တဲ့ ၂ နှစ်က တက်စ်မေးနီးယားကျွန်းမှာ သြစတြေးလျ ခေတ်သစ်သမိုင်းမှာ အကြီးဆုံး အနေနဲ့ ဝေလငါးအကောင်ရေ ၅၀၀ နီးပါး တပြိုင်တည်း သောင်တင်ခဲ့ဖူးပါတယ်။ အာဏာပိုင်တွေက သူတို့ထဲက ဝေလငါးကောင်ရေ ၁၀၀ လောက်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။