ကရင်ပြည်နယ်၊ သောင်ရင်းမြစ်ဘေးရှိ ပလော့တပို့ စစ်ဘေးရှောင်စခန်းမှာ ဧပြီ ၂၃ ရက် ညနေ ၃ နာရီခွဲလောက်က လေပြင်းတိုက်ခတ်တာကြောင့် စခန်းအတွင်းရှိ စစ်ဘေးရှောင် နေထိုင်တဲ့ တဲတွေ ပြိုကျသွားတာတွေ၊ ယိုင်နဲ့သွားတာတွေအပြင် အမိုးအကာတွေပါ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက ပြောပါတယ်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျ၊ ယိုင်နဲ့ ပျက်စီးသွားတာတွေကို ပြန်လည်ပြုပြင်နိုင်ဖို့အတွက် မိုးကာ၊ သစ်၊ ဝါးနဲ့ တာလပတ်တွေအပြင် စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
စစ်ရှောင်စခန်းအတွင်းမှာ လူဦးရေ ၈၀၀ ခန့် နေထိုင်ပြီး မဲပလဲ့နဲ့ မဲကနယ်ဘက်က စစ်ရှောင်လာတဲ့ လူဦးရေ ထပ်တိုးလာတယ်လို့ ပလော့တပို့ စစ်ရှောင်စခန်း ကူညီသူတဦးက ပြောပါတယ်။
“မနေ့က တိုက်သွားတဲ့ လေဆို တော်တော်ပြင်းတယ်။ တဲတွေပြိုတာနဲ့ ရွဲ့စောင်းကုန်တာတွေ ရှိတယ်။ တဲတွေ ပြန်ပြုပြင်နိုင်ဖို့ ပစ္စည်းတွေလည်း လိုတယ်။ လူဦးရေကလည်း များတယ်ဆိုတော့ စားနပ်ရိက္ခာတွေလည်း လိုနေတယ်လေ။ အခုလက်ရှိတော့ ရှိတာလေးတွေနဲ့ ပြင်ဆင်တာတွေ လုပ်နေပေမဲ့လည်း လိုအပ်တာတွေကတော့ ရှိနေတုန်းပါပဲ။”
စစ်ရှောင်စခန်းအတွင်းနေထိုင်သူ သက်ကြီးရွယ်အိုတွေမှာ နာတာရှည်ရောဂါ ခံစားနေရတဲ့သူတွေ ရှိသလို ရာသီဥတု ပူပြင်းတာအပြင် ရေချိုးမှားတာတွေကြောင့် ဖျားနာတဲ့သူတွေလည်း ရှိနေပါတယ်။
လက်ရှိအချိန်မှာ တိုက်ပွဲအခြေအနေ ငြိမ်သက်နေပေမဲ့ စစ်ကောင်စီတပ် လေကြောင်းက ဧပြီ ၂၄ ရက် နေ့လယ်လောက်မှာ လေယာဥ်နဲ့ ပစ်ခတ်ခဲ့တဲ့အပြင် မြဝတီကိုသွားတဲ့ လမ်းခရီး အခြေအနေမှာ နှစ်ဖက်တိုက်ပွဲအခြေအနေပေါ် မူတည်ပြီး ပြောင်းလဲမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲ့လမတ်မြို့နယ်၊ မဲ့ကလောင်ကျေးရွာအနီးကို မတ်လ ၁၀ ရက် မနက် ၁ နာရီလောက်မှာ ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေး ကင်းလှည့်နေစဥ် သောင်ရင်းမြစ်ရဲ့ ထိုင်းဘက်ခြမ်းမှာ မသင်္ကာဖွယ်ရာကားတစီး ရပ်ထားတာကို တွေ့ခဲ့တဲ့အတွက် သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ထိုင်းစစ်တပ်က ကားအနီးကို သွားရောက်ချိန်မှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်လာသူ မြန်မာနိုင်ငံသား ၈ ဦးလောက်က ကားပေါ်ကနေခုန်ချပြီး သောင်းရင်းမြစ်ကို ဖြတ်ကူးကာ မြန်မာနိုင်ငံဘက် ထွက်ပြေးသွားတယ်လို့ ထိုင်းတပ်မတော်က ထုတ်ပြန်ထားပါတယ်။
အဆိုပါကားကို ဆက်လက်စစ်ဆေးရာ ကားပေါ်မှာ မြန်မာအမျိုးသမီးတဦးကို ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးသွားသူတွေရဲ့ ခရီးဆောင်အိတ်တွေကိုပါ တွေ့ရှိခဲ့ပါတယ်။
အဖမ်းခံရသူ အမျိုးသမီးကို စစ်ဆေးရာမှာတော့ ကားပေါ်က ထွက်ပြေးလွတ်မြောက်သွားသူတွေက မြန်မာနိုင်ငံသား အမျိုးသားတွေဖြစ်ပြီး ဘန်ကောက်မှာ အလုပ်လုပ်ကိုင်ဖို့ ပွဲစားခ တဦးကို ဘတ် ၂၀,၀၀၀ ပေးခဲ့ရတယ်လို့ စစ်ဆေးတွေ့ရှိတဲ့အတွက် ထိုင်းဥပဒေအရ အရေးယူနိုင်ဖို့ မဲ့လမတ်မြို့နယ် ရဲစခန်းကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်သူတွေ များပြားလာတဲ့အတွက် ထိုင်းစစ်တပ်က နေ့ည ကင်းလှည့်နေရပြီး ဖေဖော်ဝါရီလထဲမှာ နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူ ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ပြီးခဲ့တဲ့ မတ်လ ၈ ရက်ကလည်း နရာသီဝပ်ခရိုင်ထဲကို တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၄ ဦးနဲ့ လမ်းပြ ၃ ဦးတို့ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။