close

သံဃာအချို့

close

November 6, 2022

ဦးဆောင်သံဃာကိုမမိသဖြင့် သံဃာအချို့အား ဖမ်းဆီးခဲ့သည့်အပေါ် သံဃသမဂ္ဂ(မန္တလေး) ကန့်ကွက်

မန္တလေးမြို့မှာ သံဃသမဂ္ဂ ဦးဆောင်သံဃာတော်ကို ဖမ်းမမိတဲ့အတွက် အခြားသံဃာအချို့ကို ပြန်ပေးဆွဲသလို ဖမ်းဆီးချုပ်နှောင်ခဲ့တဲ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း သံဃသမဂ္ဂ(မန္တလေး) က နိုဝင်ဘာ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်သားတွေဟာ နိုဝင်ဘာ ၂ ရက် နေ့ခင်း ၁ နာရီလောက်က မန္တလေးမြို့ မိုးကောင်းကျောင်းတိုက်အတွင်း ယခင်က သီတင်းသုံးနေထိုင်ခဲ့တဲ့ သံဃသမဂ္ဂ ဦးဆောင်ရဟန်းတပါးကို ဖမ်းဆီးဖို့ ဝင်ရောက်ရှာဖွေခဲ့ပါတယ်။

ဖမ်းဆီးလိုတဲ့ သံဃသမဂ္ဂ ဦးဆောင်ရဟန်းတော်ကို ဖမ်းမမိတာကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေက ည ၇ နာရီကျော်မှာ ဒုတိယအကြိမ်  မိုးကောင်းကျောင်းတိုက်အတွင်း ဝင်ရောက်လာပြီး သံဃသမဂ္ဂ(မန္တလေး) နဲ့ လုံးဝပတ်သက်ဆက်နွှယ်ခြင်းမရှိတဲ့ ဦးအဇ္ဇုနနဲ့ ရှင်ကုသလတို့ကို စာအံကျောင်းတက်နေချိန် ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးစဉ်က “မေးစရာရှိလို့ ခဏခေါ်သွားမည်၊ ပြန်ပို့ပေးပါမည်" ဟု ဆရာတော်ကြီးကို ​လျှောက်ထား ခေါ်ဆောင်သွားခဲ့ပေမယ့် နိုဝင်ဘာ ၆ ရက် ဒီနေ့အထိ ပြန်မလွှတ်သေးဘဲ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သံဃသမဂ္ဂ (မန္တလေး) က ထုတ်ပြန်ထားပါတယ်။

မတရားဖမ်းဆီးခံထားရတဲ့ ဦးအဇ္ဇုန နဲ့ ရှင်ကုသလတို့အား ညှဉ်းပန်းနှိပ်စက်မှုကြောင့် ကျန်းမာရေးနဲ့ အသက်အန္တရာယ်တစုံတရာဖြစ်ခဲ့ပါက အကြမ်းဖက် ဖမ်းဆီးခဲ့သူတွေသာ တာဝန်ခံ တာဝန်ယူကြရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

5 mins Ago

October 13, 2019

သီတင်းကျွတ်လပြည့်နေ့ ရွှေတိဂုံစေတီတော်လုံခြုံရေး သံဃာအချို့ သီတင်းသုံးစောင့်ကြည့်

အခုနှစ် သီတင်းကျွတ်လပြည့်နေ့မှာ ရွှေတိဂုံစေတီတော်ရဲ့လုံခြုံရေးအတွက် သံဃာတချို့ကို သီတင်း သုံးစောင့်ကြည့်ပေးဖို့ ထည့်ထားတယ်လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ပြောပါတယ်။ ရွှေတိဂုံဘုရားကို လာရောက်ကြတဲ့ ဘုရားဖူးတွေ များလာလို့ လုံခြုံရေးအတွက် အထူးဂရုစိုက်နေသလို အခုနှစ်မှာတော့ သံဃာတွေကိုပါ ရွှေတိဂုံဘုရားမှာ လုံခြုံနဲ့ စည်းကမ်းထိန်းသိမ်းနိုင်ဖို့အတွက် စောင့်ကြည့်သီတင်းသုံးပေးဖို့ စီစဉ်ထားတာပါ။   သံဃာတွေကို စောင့်ကြည့်သီတင်းသုံးစေတာကတော့ သံဃာတွေနဲ့ပတ်သက်တဲ့ အကြောင်း တစုံတရာရှိခဲ့ရင် သံဃာအချင်းချင်းပဲ ထိန်းသိမ်းနိုင်စေဖို့ ဖြစ်တယ်လို့ ရွှေတိဂုံဘုရား ဂေါပကအဖွဲ့က စီမံအုပ်ချုပ်ရေးဌာနမှူး ဦးရဲအောင်နိုင်က ပြောပါတယ်။ “ဒီနှစ်ရဲ့ ထူးခြားချက်ကတော့ ညောင်တုန်းကျောင်းတိုက်ကနေ သံဃာတွေပါ ကြွလာတယ်။ မသင်္ကာဖွယ်သံဃာတော်တွေ့ရင် သံဃာတော်အချင်းချင်းကျတော့ ပြောဆိုရတာ ပိုကောင်းတယ်။ တညကဆိုရင် သံဃာတပါးက နည်းနည်းစိတ်လည်းမကောင်းတော့ ဘုရားပန်းအိုးတွေ လိုက်ရိုက်ခွဲတာတွေ လုပ်တာမျိုးကျတော့ သံဃာအချင်းချင်း ထိန်းလိုက်ရတာ။ ဆရာတော်ကြီးတွေရော၊ စေတီတော်ဂေါပကတွေ ညှိနှိုင်းပြီးတော့ ဘုရားပွဲကာလတွေမှာ အန္တရာယ်ကင်းအောင်၊ စည်းကမ်းနဲ့ ထိန်းသိမ်းနိုင်အောင်ပေါ့။ သီလရှင်တွေ၊ ဆရာတော် သံဃာတော်တွေကျတော့ သံဃာတော်တွေက စစ်ဆေးမေးမြန်း ထိန်းသိမ်းပေးတာပေါ့။” ဒီနှစ် သီတင်းကျွတ်လပြည့်နေ့မှာတော့ ရွှေတိဂုံစေတီတော် လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးအတွက် စေတီတော်ရဲ့ မုခ်လေးဖက်စလုံးမှာ ညောင်တုန်းကျောင်းတိုက်က သံဃာစုစုပေါင်း ၁၄ ပါးကို သီတင်းသုံး စောင့်ကြည့်ဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ အခုလို သီတင်းကျွတ်လပြည့်နေ့နဲ့ အခါကြီးရက်ကြီးတွေမှာဆိုရင် ရွှေတိဂုံစေတီတော်ကို လာရောက်ဖူးမြော်သူတွေက တနှစ်ထက်တနှစ် ပိုပြီးများလာတယ်လို့ ဘုရားဖူးလာသူ ဦးတင်လှိုင်က ပြောပါတယ်။ “ရွှေတိဂုံစေတီတော်မြတ်ကြီးကလည်းပဲ အင်မတန် အထွတ်အမြတ်ဖြစ်တဲ့ စေတီတော်မြတ်ဆိုတော့ နှစ်တိုင်းထက်စာရင် ဒီနှစ် ပိုများတယ်။ ဟိုတုန်းကတည်းက အဘ ဒီမှာ ဈေးရောင်းနေတာ။ ဟိုတုန်းကလို မဟုတ်တော့ဘူး။ ဒီနှစ်ဆိုရင် ပိုစည်တယ်။” ဘုရားဖူးလာသူ တဦးက “လူတွေကလည်း ကြပ်ပိတ်လို့လေ။ သူတို့လည်း ပျော်လို့ လာကြတာပေါ့။ ဗုဒ္ဓဘာသာတွေရဲ့ အထွတ်အထိပ်မို့လို့ ပျော်ပျော်ပါးပါး လာကြ၊ လှူကြ၊ တန်းကြတာပေါ့” လို့ ပြောပါတယ်။ ရွှေတိဂုံစေတီတော်ပေါ်ကို သီတင်းကျွတ်လပြည့်နေ့ အပါအဝင် အခါကြီးရက်ကြီးတွေဆိုရင် ဘုရားဖူး ပြည်သူတွေ သိန်းနဲ့ချီပြီး လာရောက်ဖူးမြော်ကြပါတယ်။ အခုနှစ်ရဲ့ သီတင်းကျွတ် လပြည့်နေ့မှာတော့ ရွှေတိဂုံစေတီတော်မှာ ဗုဒ္ဓရုပ်ပွားတော် လှည့်လည်အပူဇော်ခံတာတွေ၊ ဆွမ်းတော်ကြီး တင်လှူပွဲတွေနဲ့ ဆီမီးပူဇော်ပွဲတွေလည်း ကျင်းပပြုလုပ်ပါတယ်။
3 years Ago
Up