close

သံတောင်

close

February 5, 2023

သံတောင်မြို့ စစ်ဘေးရှောင် ၈၀၀၀ ကျော် နေထိုင်စားသောက်ရေး အခက်အခဲကြုံနေ

သံတောင်မြို့တွင်းကို စစ်ကောင်စီတပ်က ဝင်ရောက်ပြီး လက်နက်ကြီးနဲ့ နေ့ညပစ်ခတ်နေတဲ့ အတွက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရပ်ကွက် ၄ ခုက  မြို့ခံပြည်သူ ၈၀၀၀ ကျော်ဟာ နေရပ်မပြန်နိုင်သေးဘဲ နေထိုင်စားသောက်ရေး အခက်အခဲကြုံနေရတယ်လို့ မြို့ရပ်မိရပ်ဖတဦးက ပြောပါတယ်။

ဇန်နဝါရီ ၂၇ ရက် မနက် ၉ နာရီလောက်ကစတင်ပြီး စစ်ကောင်စီတပ်နဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့တွေကြား နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီးတဲ့နောက် နေ့တိုင်း စစ်ကောင်စီ တပ်စခန်းတွေကနေ လက်နက်ကြီး ပစ်ခတ်နေတဲ့အတွက် ဒေသခံပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတယောက် ထိမှန်ခဲ့သလို လူနေအိမ် ၈ လုံးနဲ့ ခရစ်ယာန်ဘုရားကျောင်း ထိမှန်ပျက်စီးခဲ့တဲ့အတွက် မြို့ခံပြည်သူတွေဟာ ဥယျာဉ်ခြံ၊ သံတောင်နဲ့ နီးစပ်ရာပျားစခန်း၊ ရွာကြီး၊ ကျောက်တိုင်၊ အန္တရာယ်ကွေ့၊ သူဌေးကုန်း၊ ချောင်းနှစ်ခွ စတဲ့ကျေးရွာတွေအပြင် သံတောင်ကြီး၊ တောင်ငူမြို့ စတဲ့နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ မသန်စွမ်းသူတွေဟာ နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေနဲ့ ပိုရင်ဆိုင်နေရပါတယ်။

သံတောင်မြို့ရပ်မိရပ်ဖတဦးက "ပြည်သူတွေအနေနဲ့ကတော့ ချက်ချင်းပြန်ချင်တာပေါ့။ ဒါပေမယ့် ပြည်သူတွေအတွက် အာမခံချက် ဘာမှမရှိတဲ့အတွက်ကြောင့် ပြန်ဖို့ တော်တော်ကြီးကို ပြောရခက်တယ်။ အိမ်ရာတွေ၊ တိရစ္ဆာန်တွေ အဲဒါတွေအတွက်တော့ စိတ်ပူရတာပေါ့။ တာဝန်ရှိ တဲ့ ပုဂ္ဂိုလ်တွေက ညှိနှိုင်းဆောင်ရွက်ကျဖို့ ကျနော်တို့ လိုလားတယ်။ ဒီအတိုင်းပဲ ဆက်ဖြစ်နေရတော့ ကျနော်တို့ ပြန်ဖို့အတွက် ခက်တယ်" လို့ ပြောပါတယ်။

ဇန်နဝါရီ ၄ ရက် ညနေ ၅ နာရီလောက်က သံတောင်ကြီး ဘုန်းကြီးလမ်းကနေဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရပ်ကွက် ၁၊ သံတောင် အထကကျောင်းအနီးက ကေအန်ယူအုပ်ချုပ်ရေးမှူး နေအိမ်အပါအဝင် နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အဆိုပါနေ့ မနက် ၅ နာရီလောက်က သံတောင်မြို့ (၁၃ မိုင်) သချိုင်းကုန်းအနီးမှာ သံတောင်ကြီး (ဘုရင်နောင်တပ်နယ်) ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကား ၂ စီး မိုင်းခွဲတိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တဲ့အတွက် အခုလို မီးရှို့ဖျက်ဆီးခဲ့တာလို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ကရင်အမျိုးသားအစည်းရုံး (KNU) နယ်မြေတွေဖြစ်တဲ့ တပ်မဟာ ၇ ကလွဲရင် ကျန်နယ်မြေတွေမှာ စစ်ကောင်စီတပ်၊ နယ်ခြားစောင့် (BGF) ပူးပေါင်းတပ်တွေနဲ့ နယ်မြေစိုးမိုးနိုင်ဖို့ ကြိုးစားလာတဲ့အတွက် KNLA KNDO ကော်သူးတပ်မတော်၊ PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နေ့တိုင်းတိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

စစ်တပ်က အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်အရေအတွက်ဟာ ၁.၄ သန်းကျော်အထိ ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ကထုတ်ပြန်ထားပါတယ်။

14 hours Ago

January 29, 2023

သံတောင်တွင် စစ်တပ် လက်နက်ကြီးကြောင့် နေအိမ်ခေါင်မိုးပျက်စီး၊ ဒေသခံ ၂ ဦး ရိုက်နှက် ဖမ်းဆီးခံရ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့မှာ ဇန်နဝါရီ ၂၈ ရက်၊ မနက် ၁၁ နာရီ၀န်းကျင်လောက် စစ်ကောင်စီက လက်နက်ကြီးနဲ့ လူနေရပ်ကွက်ထဲ ပစ်ခတ်လို့ နေအိမ်တလုံး ခေါင်မိုး ပျက်စီးသွားပြီး၊ ပြည်သူနှစ်ဦးကိုလည်း ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “စစ်ကောင်စီတပ်ဖွဲ့က သူတို့တပ်ရှိရာ စစ်တပ်ကုန်းကနေ ကျေးဇူးတော်ကုန်းဘက်ရှိရာကို  လက်နက်ကြီး ၃ လုံးထုလိုက်တာ။ အဲ့ဒီလို ပစ်လိုက်တာ တောပြာလေးရွာအပြန်လမ်း ရပ်ကွက် ၃ က အိမ်တစ်လုံး လက်နက်ကြီးထိမှန်ပြီး အိမ်ခေါင်မိုး ပြိုကျသွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မြို့အ၀င်အထွက်တွေမှာ စစ်ဆေးနေပြီး ဒေသခံနှစ်ဦးအား ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့ရှိသူတဦးက ပြောပါတယ်။ 

“မနက် ၁၁ နာရီတုန်းက ကျေးဇူးတော်ကုန်းရပ်ကွက်မှာ လမ်းတွေ ပိတ်ဆို့စစ်ဆေးပြီး ဒေသခံနှစ်ဦးကို ရိုက်နှက်ဖမ်းဆီးသွားတယ်။ လမ်းသွားလမ်းလာ ခရီးသွားပြည်သူတွေကိုလည်း အော်ဟစ်ကြိမ်းမောင်းတယ်။ အဲ့ဒီလို စစ်ဆေးကြိမ်းမောင်းနေလို့ ဒေသခံတွေက ကြောက်ပြီး အပြင်မထွက်ရဲကြဘူး။”

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့တုန်းကလည်း ထွေအုပ်ရုံးကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ သစ်စက်ကုန်းရပ်ကွက်နဲ့ ရပ်ကွက် (၄) တို့မှာ လက်နက်ကြီးကျခဲ့ပေမဲ့ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

သံတောင်မြို့ဟာ ပဲခူးတိုင်း၊ တောင်ငူမြို့ကနေ ကရင်ပြည်နယ် သံတောင်ကြီးမြို့ကြားမှာ တည်ရှိပြီး ကရင်လူမျိုးနဲ့ ခရစ်ယာန် ဘာသာ၀င် အများဆုံးနေထိုင်တဲ့ မြို့ ဖြစ်ပါတယ်။

1 week Ago
Up