close

သံတော်ဆင့်သတင်းထောက်

close

November 17, 2022

သံတော်ဆင့်သတင်းထောက် ကိုရဲရင့်ထွန်း ပြန်လည်လွတ်မြောက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ ပုသိမ်ခရိုင်အကျဥ်းထောင်ကနေ နိုဝင်ဘာ ၁၇ ရက်နေ့မှာ သံတော်ဆင့်သတင်းထောက် ကိုရဲရင့်ထွန်း ပြန်လည်လွတ်မြောက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကိုရဲရင့်ထွန်း ထောင်ကနေ ညနေ ၆ နာရီကျော်လောက်မှာ ပြန်လည်လွတ်မြောက်လာတာ မှန်ပြီး အိမ်ကိုတော့ ပြန်မရောက်သေးဘူးလို့ မိသားစုဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“ပြန်လွတ်လာပြီ၊ မတွေ့ရသေးဘူး၊ လူချင်းတော့ ခု ဆိုင်မှာထိုင်စောင့်နေတယ်။ အဲ့နေရာကို သွားခေါ်နေတာ။”

သံတော်ဆင့်သတင်းထောက် ကိုရဲရင့်ထွန်းဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြတဲ့ပွဲမှာ ဖမ်းဆီးခံရပြီး ထောင် ၃ နှစ် ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် ခုလို ပြန်လည်လွတ်မြောက်လာတာလည်း ဖြစ်ပါတယ်။

ဒီနေ့ ပြန်လွတ်မြောက်လာတဲ့အထဲမှာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဦးမြင့်နိုင်နဲ့ အလွတ်တန်း ဓာတ်ပုံသတင်းထောက် ဦးဆန်းမြင့်တို့လည်း ပါဝင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညနေ ၆ နာရီကျော်ထိ ပုသိမ်အကျဥ်းထောင်ကနေ လွတ်မြောက်လာသူ ၁၀ ဦးကျော်သာ ရှိသေးတာကြောင့် မိသားစုဝင်တွေကတော့ စောင့်နေကြတုန်းဖြစ်တယ်လို့ ဆိုပါတယ်။

9 hours Ago

August 9, 2021

ပုသိမ်မြို့ခံ သံတော်ဆင့်သတင်းထောက် ကိုရဲရင့်ထွန်းကို ပြန်လွှတ်ရန် နယ်ခံသတင်းသမားများ တောင်းဆို

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အခြေစိုက် သံတော်ဆင့်သတင်းထောက် ကိုရဲရင့်ထွန်းကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားတာ ၅ လကျော်ရှိလာပြီဖြစ်တာကြောင့် ပြန်လွှတ်ပေးဖို့ နယ်ခံသတင်းသမားတွေက တောင်းဆိုလိုက်ပါတယ်။

သတင်းထောက် ကိုရဲရင့်ထွန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်က ပုသိမ်ထီးကျောက်တိုင်အနားမှာ  စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲ ဓာတ်ပုံရိုက်နေချိန် အာဏာသိမ်းစစ်တပ်ကဖမ်းဆီးသွားခဲ့တာဖြစ်ပြီး  ခုချိန်ထိပြန်မလွှတ်သေးဘဲ  အမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ 

မြို့ခံသတင်းထောက်တစ်ဦးက "တရားရုံးတွေမပိတ်ခင်ထိတော့ ရုံးချိန်း ၅ ချိန်းလောက်ပြီး သွားပြီလို့ သိရတယ်။ အမှုရင်ဆိုင်နေရဆဲ ပြန်လွှတ်ပေးဖို့စာရင်းပါတယ်ကြားတယ်။ ပြန်မလွတ်သေးတာ အဲ့တာကြောင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့တောင်းဆိုပါတယ်''လို့ ပြောပါတယ်။

ကိုရဲရင့်ထွန်းဖမ်းဆီးခံရပြီးနောက်ပိုင်းမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြန်လွှတ်ပေးတဲ့လူစာရင်းမှာ ပါဝင်မှာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ခုချိန်ထိပြန်မလွတ်သေးတာလည်း ဖြစ်ပါတယ်။

ပုသိမ်မြို့ခံသတင်းထောက်တွေကတော့ ကိုရဲရင့်ထွန်းကို စတင် ဖမ်းဆီးချိန်မှာ သတင်းလုပ်ငန်းလုပ်ကိုင်နေရင်း ဖမ်းဆီးခဲ့တာဖြစ်တာကြောင့် ဆန္ဒပြတဲ့ဖြစ်စဥ်နဲ့မသက်ဆိုင်လို့ ပြန်လွှတ်ပေးသင့်တယ်လို့ ပုသိမ်မြို့ခံသတင်းထောက်တွေကပြောပါတယ်။

"အတူတူ အဲ့နေ့က သတင်းလိုက်တာ၊ ကျောက်တိုင်ထီးနားမှာ ဆန္ဒပြတာလည်း မဟုတ်ဘူး သတင်းဓာတ်ပုံရိုက်နေတာ အဲ့တာကို ဖမ်းသွားတာ။ တကယ်ဆို ပြန်လွှတ်ပေးသင့်တာကြာပါပြီ။ သတင်းထောက်အလုပ် သတင်းထောက်လုပ်တာရယ်။ ပြီးတော့ ကျန်ခဲ့တဲ့ အသက်မပြည့်သေးတဲ့ ကလေးမျက်နှာထောက်ထားသောအားဖြင့် ပြန်လွှတ်ပေးစေချင်ပါတယ်''လို့ ပုသိမ်မြို့အခြေစိုက် သတင်းသမားတစ်ဦးကလည်း ပြောပါတယ်။

ပုသိမ်မြို့ခံသံတော်ဆင့်သတင်းထောက် ကိုရဲရင့်ထွန်းကို ပြန်လွှတ်ပေးတဲ့အထဲမပါသေးတာဟာ သေချာစိစစ်နေတာဖြစ်နိုင်ပြီး ပြန်လွှတ်ဖို့တော့ ရာနှုန်းများတယ်လို့ ပုသိမ်မြို့ခံရှေ့နေတစ်ဦးကတော့ သုံးသပ်ပြောပါတယ်။

ဧရာဝတီတိုင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက် ၃ ဦးဖမ်းဆီးခံခဲ့ရပြီး ဒီအထဲက ဧရာဝတီတိုင်းမ် သတင်းထောက် ကိုအောင်မြသန်းနဲ့ တိုင်းဧရာသတင်းစာမျက်နှာက သတင်းထောက် မရွှေရည်ဝင်းတို့ကတော့ ပြန်လွတ်မြောက်လာပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းသမား ၄၅ ယောက်ဖမ်းဆီးခံရပြီး အနည်းဆုံး ၃၂ ယောက် အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတယ်လို့ သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီ(CPJ) က ထုတ်ပြန်ထားပါတယ်။

1 year Ago
Up