ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ သင်္ကြန်ကာလအတွင်း မျက်နှာဖုံးစွပ်ပြီး ရေမကစားဖို့၊ ဗြောက်အိုးမဖောက်ဖို့၊ ကာမဆန္ဒနိုးကြွစေတဲ့ဆေးဝါးတွေမရောင်းချဖို့ စတဲ့စည်းကမ်းချက်တွေပါတဲ့ ဒေသန္တရအမိန့်ကို စစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ပါတယ်။
သင်္ကြန်ရေကစားရာမှာ ဘေးအန္တရာယ်ဖြစ်စေမယ့် ရေဆိုး၊ ရေပုပ်တွေနဲ့ပက်တာ၊ ထိခိုက်အန္တရာယ်ရှိတဲ့ ပစ္စည်းတွေနဲ့ရေပက်ကစားတာ၊ ဆပ်ပြာရေနဲ့ပက်တာ၊ ရေမြှုပ် စပရေးဘူးတွေသုံးတာ၊ မျက်နှာဖုံးစွပ်ပြီး ရေကစားတာနဲ့ ရေခဲအိတ်နဲ့ ပစ်ပေါက်တာ တို့ကို တားမြစ်ထားပါတယ်။
အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေ၊ မဏ္ဍပ်တွေအနားနဲ့ လမ်းဘေးတို့မှာ တရားမဝင် အရက်ဘီယာ မူးယစ်ဆေး၊ ကာမဆန္ဒနိုးကြွစေတဲ့ဆေးဝါးတွေမရောင်းချဖို့နဲ့ တွေ့ခဲ့ရင် သက်ဆိုင်ရာကို သတင်းပို့တိုင်ကြားဖို့လည်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ရေကစာမဏ္ဍပ်တွေထဲမှာ အများပြည်သူ အထိတ်တလန့်ဖြစ်စေမယ့် ဗြောက်အိုးဖောက်တာ၊ မီးရှူးမီးပန်းဖောက်တာမျိုးကို မလုပ်ကြဖို့နဲ့ မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိပဲ ရေကစားကြဖို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူး မောင်သာစိန်ထုတ်ပြန်လိုက်တဲ့စာထဲမှာ သင်္ကြန်ကာလအတွင်း စစ်ကောင်စီအပေါ် ဂုဏ်သိက္ခာနဲ့ အကြည်ညိုပျက်စေမယ့် ပြေဆိုတာ၊ သီဆိုတာ၊ သံချပ်ထိုးတာ၊ လှုပ်ရှားတာတွေကို တိုက်ရိုက်ရော သွယ်ဝိုက်ပြီးတော့ပါမလုပ်ဖို့ တားမြစ်ထားပါတယ်။
နိုင်ငံတကာအလံတွေလွှင့်ထူတာ၊ ကိုင်ဆောင်တာမလုပ်ကြဖို့နဲ့ အသံချဲ့စက်တွေ ကျယ်ကျယ်လောင်လောင်မဖွင့်ကြဖို့လည်း ထုတ်ပြန်တားမြစ်ထားပါတယ်။
သံတွဲဒေသခံတယောက်က “စာကတော့ ဧပြီ ၆ ရက်နေ့ကထုတ်ထားတာ။ ဒီနေ့မှာမှ မြို့ထဲမှာ ကားနဲ့ပတ်ပြီးကြေညာတာပေါ့။ တချို့အချက်တွေကတော့ နှစ်တိုင်း ကြေညာနေကျတွေပဲ” လို့ ပြောပါတယ်။
သံတွဲမြို့ပေါ်မှာ အရင်နှစ်တွေကလို မဏ္ဍပ်တွေများများစားစားမရှိဘဲ ဆေးရုံရှေ့မှာ ဗဟိုမဏ္ဍပ်၊ ထောင်ရှေ့မှာ အကျဉ်းဦးစီးမဏ္ဍပ်တို့လောက်ပဲတွေ့ရတယ်လို့လည်း သူက ပြောပါတယ်။ ငပလီကမ်းခြေမှာတော့ ဖျော်ဖြေရေးမဏ္ဍပ်ရှိပြီး တချို့ဟိုတယ်တွေက မဏ္ဍပ်တွေလည်းရှိတယ်လို့ သိရပါတယ်။
သင်္ကြန်ပိတ်ရက်ကာလမှာ ငပလီကမ်းခြေကိုလာရောက်တဲ့ ဧည့်သည်တွေ များတာကြောင့် ကမ်းခြေမှာတော့ ထိုက်သင့်သလောက် သင်္ကြန်စည်ကားနိုင်ပေမယ့် သံတွဲမြို့ပေါ်မှာတော့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မစည်ကားတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဓာတ်ပုံ - ကိုသန်းဌေး
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ သံတွဲမြို့နယ်နဲ့ ဂွမြို့နယ်တို့မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံးလေအားလျှပ်စစ် ထုတ်လုပ်ဖို့ တရုတ်ကုမ္ပဏီတွေနဲ့ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဌာနတို့ သဘောတူလက်မှတ်ထိုး လိုက်ပါတယ်။
မြန်မာနိုင်ငံသားပိုင် Primus Advanced Technologies (PRIMUS) ကုမ္ပဏီနဲ့ ဟောင်ကောင်အခြေစိုက် Asia Ecoenergy Development (AED) ကုမ္ပဏီ၊ တရုတ်နိုင်ငံပိုင် Yunnan Machinery and Equipment Import and Export ကုမ္ပဏီတို့ မေလ ၁ ရက် မနက်က နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဝန်ကြီးရုံးမှာ သဘောတူညီမှုစာချွန်လွှာ (Memorandum of Agreement-MOA) ရေးထိုးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
စွမ်းအင်အရင်းအမြစ်တွေ အကန့်အသတ်နဲ့သာရှိလို့ အမ်းမြို့နယ်မှာ လေအားလျှပ်စစ်စီမံကိန်း ၁၅၀ မဂ္ဂါဝပ်၊ ဂွမြို့နယ်မှာ လေအားလျှပ်စစ်စီမံကိန်း ၁၀၀ မဂ္ဂါဝပ်နဲ့ သံတွဲမြို့နယ်မှာ လေအားလျှပ်စစ်စီမံကိန်း ၁၁၀ မဂ္ဂါဝပ် စုစုပေါင်း ၃၆၀ မဂ္ဂါဝပ် ထုတ်ထုတ်ဖို့ လုပ်ဆောင်သွားမယ်လို့ စစ်ကောင်စီခန့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဝန်ကြီး ဦးသောင်းဟန်က ထိုလက်မှတ်ရေးထိုးပွဲမှာ ပြောပါတယ်။
စာချုပ်ချုပ်ဆိုတဲ့ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်းဟိုင် ဦးဆောင်တဲ့အဖွဲ့လည်း တက်ရောက်ခဲ့ကြတာပါ။
လျှပ်စစ်ကဏ္ဍမှာ ကမ္ဘာ့အကြီးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ လျှပ်စစ်ထုတ်ဖို့ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်တာဟာ နှစ်နိုင်ငံအတွက် အထူးအကျိုးဖြစ်ထွန်းပြီး ၂၀၃၀ ပြည့်နှစ်မှာ မြန်မာတစ်နိုင်ငံလုံး ပြည်တွင်းလျှပ်စစ်ဓါတ်အားဖူလုံရေးကို တရုတ်က ကူညီပံ့ပိုးဆောင်ရွက်သွားမယ်လို့ တရုတ်သံအမတ်က ပြောဆိုထားပါတယ်။
အဆိုပါ စီမံကိန်း သုံးခုကို ၂၀၂၅ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ပြီး စီမံကိန်းသုံးခုအနက် ဂွစီမံကိန်းအား ပထမအဆင့် ၅၀ မဂ္ဂါဝပ်အား အခု ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ စတင်တည်ဆောက်ရေးလုပ်ငန်းတွေ စတင်မယ်လို့ ဆိုပါတယ်။
ဒီစီမံကိန်းက ထွက်ရှိလာတဲ့ လျှပ်စစ်ဓာတ်အား ၃၆၀ မဂ္ဂါဝပ်ကို ဒေသအကျိုးပြူလုပ်ငန်းတွေ အသုံးပြုသွားမယ်လို့ စစ်ကောင်စီဝန်ကြီး ဦးသောင်းဟန်ကပြောနေပေမဲ့ လက်ရှိ အရပ်သားတွေ အတွက်ပေးနေတဲ့ လျှပ်စစ်ဓာတ်အားမလုံလောက်တဲ့ကြားက စစ်ကောင်စီတပ်တွေအတွက် လျှပ်စစ်တွေသွယ်တန်းပေးနေရတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ထုတ်လုပ်မယ့် လေအားလျှပ်စစ် စီမံကိန်းဟာ မြန်မာနိုင်ငံအတွက် ပထမဆုံး လေအားလျှပ်စစ်စီမံကိန်းဖြစ်ပြီး တရုတ်-မြန်မာ လျှပ်စစ်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုရဲ့ ခြေလှမ်းသစ်စတင်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်အရသိရှိရပါတယ်။
တရုတ်နိုင်ငံရဲ့ လေအားလျှပ်စစ် ထုတ်လုပ်နိုင်မှုပမာဏမှာ ကီလိုဝပ်နာရီ သန်း ၄၀၀ အထိ ရောက်ရှိနေပြီး ကမ္ဘာ့လေစွမ်းအင် ထုတ်လုပ်မှု စုစုပေါင်းရဲ့ သုံးပုံတစ်ပုံခန့်ရှိကာ ကမ္ဘာ့အဆင့် (၁) လေအားလျှပ်စစ် ထုတ်လုပ်သူအဖြစ် နှစ်ပေါင်းများစွာ ဆက်လက်ရပ်တည်နေတယ်လို့လည်း ဆိုပါတယ်။