မွန်ပြည်နယ် သံဖြူဇရပ်-ရေးကားလမ်းဝန်းကျင်က ရွာတွေနားမှာ နိုဝင်ဘာ ၁၉ ရက်က စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ သုံးကြိမ်ဖြစ်ခဲ့တယ်လို့ ဒေသခံတောင်ညိုပြည်သူ့ပြောက်ကျားအဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
မနေ့မနက် ၉ နာရီခွဲကျော်လောက်က ရေးမြို့ကနေ သံဖြူဇရပ်ကို တက်လာတဲ့ စစ်ကား ၇ စီးကို ကွမ်ကြိုက်နဲ့ ကနင်ကမော့ရွာကြားမှာ ပထမအကြိမ် ချုံခို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မနက် ၁၁ နာရီကျော်လောက်မှာတော့ သံဖြူဇရပ်မြို့ကနေ လမ်းကင်းလာတဲ့ စစ်ကားသေး ၁ စီးနဲ့ ဝဲခမီကျေးရွာနားမှာ ဒုတိယအကြိမ် ထိပ်တိုက်တွေ့ဆုံ ပစ်ခတ်ခဲ့သလို နေလယ် ၁ နာရီဝန်းကျင်မှာ ရေးမြို့ ကနေ သံဖြူဇရပ်ကို တက်လာတဲ့ စစ်ကား ၇ စီးကို ဘေးလမိုင်းရွာနားမှာ တတိယအကြိမ် ချုံခိုတိုက်ခိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
တိုက်ခိုက်မှု သုံးခုမှာ စစ်ကောင်စီတပ်သား ၈ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှု ၃ ကြိမ်အတွင်း ဒေသခံပြောက်ကျားအဖွဲ့တွေဘက်က ထိခိုက်ကျဆုံးမှုကိုတော့ ထုတ်ပြန်ချက်ထဲမှာ မဖော်ပြထားပါဘူး။
အခုလို သံဖြူဇရပ်-ရေးကားလမ်းပေါ်မှာဖြစ်ခဲ့တဲ့ မကြာခဏ တိုက်ခိုက်ခံရမှု၊ သေဆုံး ဒဏ်ရာမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ခုချိန်ထိ တစုံတရာ သတင်းထုတ်ပြန်တာ မရှိသလို သီခြား အတည်လို့လည်း မရခဲ့ပါဘူး။
မနေ့ကအဲဒီလမ်းပိုင်းမှာ ခရီးသွားခဲ့သူ တဦးက “စစ်တပ်နဲ့ PDF တွေ တိုက်ပွဲဖြစ်နေတယ် ကြားတယ်။ ခရီးသွားကားတွေ ပိတ်မိနေတယ်။ စစ်ကား ၂ စီးလောက် ပျက်စီးတာ မြင်ရတယ်။ ထိခိုက် သေဆုံးတာတော့ ရှိနိုင်တယ်။ လမ်းက ညလောက်မှ ပြန်ပြီးသွားလာလို့ရတယ်” ပြောပါတယ်။
သံဖြူဇရပ် - ရေး ကားလမ်းပေါ်ရှိ ပိန္နဲတော၊ ငှက်ပျောတောကျေးရွာနဲ့ အနီးအနားက ကျေးရွာတွေ၊ သံဖြူဇရပ် - ဘုရားသုံးဆေလမ်းပေါ်က ဇီးနှစ်ပင်၊ ဦးခွေး(ဒေါ်ယိမ်း)ရွာ ၊ရဲတံခွန် ကျေးရွာနဲ့ အနီးအနားရှိရာဘာခြံတွေနဲ့ ဂျပန်တောင်ခြေဝန်းကျင်က ရာဘာခြံတွေမှာ နေထိုင်ကြတဲ့ ဒေသခံ ၂၀ လောက် ပြီးခဲ့တဲ့ရက်တွေက ဖမ်းဆီးခံထားရပါတယ်။
သံဖြူဇရပ်-ရေး ကားလမ်းပေါ်က ဦးခွေး(ဒေါ်ယိမ်း) ကျေးရွာမှာ ရွာလုံးကျွတ်နီးပါး ထွက်ပြေး တိမ်းရှောင်နေရပြီး ရွာသားအများစုကတော့ ရွာကို မပြန်လာရဲကြသေးပါဘူး။
မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေးကားလမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နိုဝင်ဘာ ၁၂ ရက်နေ့က 5 ကြိမ်ဆက်တိုက် တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
ရေးမြို့ဘက်ကနေ သံဖြူဇရပ်ဘက်ကို စစ်ကား ၂ စီးနဲ့ သွားနေစဥ် အောင်သပြေရွာအနီးမှာ နိုဝင်ဘာ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်လောက် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ချုံခိုတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။
နိုဝင်ဘာ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်လောက်မှာလည်း စစ်ကောင်စီတပ်က စစ်ကား ၉ စီးနဲ့ ရေးမြို့ဘက်ကနေ သံဖြူဇရပ်ဘက်ကို လာစဉ် ကနင်ကမော့ရွာနဲ့ အောင်သာယာရွာကြားမှာ ထပ်မံချုံခိုတိုက်ခိုက်ခဲ့ရာမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာတွေရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ရေး-သံဖြူဇရပ်ကားလမ်းပိုင်းမှာပဲ သံဖြူဇရပ်ကနေ ရေးဘက်ကို လမ်းကင်းအဖြစ် ဆင်းလာကြိုတဲ့ စစ်ကား ၂ စီးကို ည ၇ နာရီ ၁၀ မိနစ်လောက်မှာ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား ၁ စီး ထိခိုက်ပျက်စီးခဲ့ပြီး ထိခိုက်မှုသေဆုံးတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
အဆိုပါကားလမ်း ဘေးလမိုင်းရွာနဲ့ အေးကမ္ဘာရွာကြားမှာ ည ၇ နာရီကျော်လောက် စစ်ကား ၁၁ စီးကို ၄ ကြိမ်မြောက် ထပ်မံချုံခိုတိုက်ခိုက်ခဲ့သလို ည ၁၂ နာရီလောက်မှာလည်း ရေးကနေ သံဖြူဇရပ်ဘက်ကို ထပ်တက်လာတဲ့ စစ်ကား ၁၂ စီးဟာ ဝဲခမိရွာအနီးနားမှာ ၅ ကြိမ်မြောက် တိုက်ခိုက်ခံရပြီး ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဆိုပါ ရေး-သံဖြူဇရပ်ကားလမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မကြာခဏ အလစ်ငိုက် ချုံခိုတိုက်ခိုက်ခံရလေ့ရှိပြီး ထိခိုက်အကျအဆုံး များလာတာကြောင့် ပတ်ဝန်းကျင် ကျေးရွာနေပြည်သူတွေ စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သံဖြူဇရပ်-ရေးကားလမ်းကို ခရီးသွားတွေ သတိရှိကြဖို့ စစ်ကောင်စီကားနဲ့ အတူ မသွားလာကြဖို့ မွန်ပြည်နယ်တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က သတိပေးထားပါတယ်။
အဆိုပါဖြစ်စဉ်တွေနဲ့ ပက်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။