သံဖြူဇရပ်-ရေးကားလမ်းရှိ စစ်ကောင်စီကား ၄ စီးပါ ယာဉ်တန်းကို ဇူလိုင် ၇ ရက် မနက် ၁၀ နာရီခွဲလောက်က မွန်ပြည်နယ် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ချုံခိုတိုက်ခိုက်ခဲ့ပါတယ်။
သံဖြူဇရပ်မြို့ကနေ ရေးဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီကား ၄ စီးကို အောင်သာယာရွာနဲ့ လိမ္မော်ခြံရွာကြားမှာ ချုံခို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၁ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မွန်ပြည်နယ် တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်ကလည်း ရေး-သံဖြူဇရပ်ကားလမ်းမှာပဲ ၂ ကြိမ်ဆက်တိုက် ချုံခိုတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးပြီး အများအပြား ခိုက်ဒဏ်ရာရခဲ့သလို ကား ၁ စီးလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တေွနဲ့ တိုက်ပွဲဖြစ်နေစဥ်အတွင်း ခရီးသွားတွေ သတိရှိကြဖို့၊ စစ်ကောင်စီကားနဲ့ အတူမသွားလာကြဖို့ မွန်ပြည်နယ် တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။
ရေး-သံဖြူဇရပ် ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေ မကြာခဏ ချုံခိုတိုက်ခိုက်ခံရလေ့ရှိတာကြောင့် နှစ်ဖက်ပစ်ခတ်မှုတွေ ထပ်မံဖြစ်လာမှာကိုလည်း စိုးရိမ်ရတယ်လို့ ဒေသခံရွာသားတယောက်က ပြောပါတယ်။
အဆိုပါဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။