close

သံမဏီစက်ရုံ

close

May 9, 2022

မာရီယူပိုရှိ သံမဏိစက်ရုံကို ရုရှားတပ်များ တိုက်ခိုက်

ရုရှားတပ်တွေနဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေဟာ ယူကရိန်း ဆိပ်ကမ်းမြို့ဖြစ်တဲ့ မာရီယူပိုမြို့မှာ ရှိတဲ့ သံမဏိစက်ရုံကို မေ ၈ ရက်မှာ တိုက်ခိုက်ပါတယ်။ 

အာဇိုစတယ် သံမဏိစက်ရုံဝင်းထဲက အရပ်သားတွေကို ကယ်ထုတ်တဲ့ လုပ်ငန်းစဉ် ပြီးဆုံးသွားပြီလို့ ရုရှားက ကြေညာအပြီးမှာ အခုလို စစ်ဆင်ရေး ပြန်စတာပါ။

ယူကရိန်းဘက်ကတော့ အရပ်သားတွေ ဘယ်လောက်အထိ သေဆုံးသွားသလဲဆိုတာကို သိနိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောပါတယ်။  မာရီယူပို့ တမြို့တည်းမှာ သေဆုံးသူ အနည်းဆုံး ၂ သောင်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

ရုရှားတပ်တွေဟာ မာရီယူပိုမြို့ကို ၂ လကြာအောင် ဝိုင်းထားပြီး ဧပြီ ၂၁ ရက်နေ့ကတော့ မြို့ကို ထိန်းချုပ်ထားလိုက်ပြီလို့ ပြောခဲ့ပါတယ်။ 

ဒါပေမဲ့ ယူကရိန်းဘက်က ခုခံရေးတပ်တွေက ဆိုဗီယက်ခေတ် သံမဏိစက်ရုံကို နောက်ဆုံး ခံတပ်လုပ်ပြီး ရုရှားတပ်တွေကို ပြန်လည်တိုက်ခိုက်နေတာပါ။

အာဇိုစတယ် သံမဏိစက်ရုံကနေ အရပ်သားတွေကို ကယ်ထုတ်တဲ့ လုပ်ငန်းစဉ်ဟာ မေ ၅ ရက်မှာ စတင်ခဲ့ပြီး မေ ၇ ရက်မှာ ပြီးဆုံးသွားပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အဲဒီနေ့ညပိုင်းမှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ 

ဒီအတောအတွင်းမှာ သံမဏိစက်ရုံဝင်းထဲကနေ အရပ်သား ၅၁ (အမျိုးသား ၁၈ ယောက်၊ အမျိုးသမီး ၂၂ ယောက် နဲ့ ကလေး ၁၁) ကို ကယ်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ယူကရိန်း ဒုဝန်ကြီးချုပ် အင်ရင်းနား ဗာရက်ချောက်ခ်ကလည်း သံမဏိစက်ရုံဝင်းထဲကနေ အမျိုးသမီးတွေနဲ့ ကလေးတွေ အားလုံးကို ကယ်ထုတ်နိုင်ခဲ့ပြီလို့ မေ ၇ ရက်က ပြောပါတယ်။ 

မေ ၈ ရက်မှာတော့ ရုရှားဒုဝန်ကြီးချုပ် Marat Khusnullin ဟာ မာရီယူပိုမြို့ကို သွားရောက်ခဲ့တယ်လို့ တယ်လီဂရမ်ကနေ ကြေညာပါတယ်။ 

ရုရှားတပ်တွေ ဝိုင်းထားတဲ့ ယူကရိန်းနိုင်ငံတောင်ပိုင်းက ဆိပ်ကမ်းမြို့ကို သွားရောက်တဲ့ အဆင့်အမြင့်ဆုံး ရုရှားအစိုးရခေါင်းဆောင် ဖြစ်ပါတယ်။  

မာရီယူပိုမြို့ဟာ ၂၀၁၄ ခုနှစ်ကတည်းက ရုရှားက သိမ်းထားတဲ့ ယူကရိန်းအပိုင် ခရိုင်းမီးယားနဲ့ ရုရှား လိုလားတဲ့ ခွဲထွက်ရေးသမားတွေ တစိတ်တပိုင်း ထိန်းချုပ်ထားတဲ့ လူဟန့်စ်ခ်နဲ့ ဒွန်းနက်စ်ခ် ဒေသတို့နဲ့ ဆက်သွယ်ရာမှာ မဟာဗျူဟာမြောက် အချက်အချာကျတဲ့ မြို့ ဖြစ်ပါတယ်။

2 hours Ago
Up