close

သံသယရှိသူ

close

December 4, 2022

အမေရိကန်ရက်ပ်အဆိုတော် သေဆုံးမှု သံသယရှိသူကို ဖမ်းဆီး

နာမည်ကြီး အမေရိကန်ရက်ပ်ပါအဖွဲ့ Migos အဖွဲ့ဝင် တိတ်အော့ဖ်ပြီးခဲ့တဲ့လက ပစ်ခတ်ခံရပြီး သေဆုံးမှုအတွက် သံသယရှိသူတစ်ဦးကို ဖမ်းဆီးထားပြီဖြစ်ကြောင်း ဟူစတန်မြို့ရဲတပ်ဖွဲ့နဲ့ မြို့တာဝန်ရှိသူတွေက ပြောပါတယ်။ 

အသက် ၃၃နှစ်အရွယ် သံသယရှိသူ ပက်ထရစ် ဇေဗီယာ ကလာ့ခ်ကို ဒီဇင်ဘာလ ၂ ရက်၊ ညနေပိုင်းက ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပြီး လူသတ်မှုနဲ့ တရားစွဲဆိုထားကြောင်း ဟူစတန်ရဲဌာန အကြီးအကဲ ထရွိုင် ဖှင်နာက မြို့တော်ဝန် ဆီလ်ဗက်စ်တာ တာနာ အတူ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ 

နောက်ထပ်တစ်ဦးဖြစ်တဲ့ အသက် ၂၂နှစ်အရွယ် ကင်မ်ရွန်း ဂျိုရွှာ  ကိုလည်း တရားမဝင် လက်နက်ကိုင်ဆောင်မှုနဲ့ ဖမ်းဆီး တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ 

အသက် ၂၈ နှစ်အရွယ် ရက်ပ်ပါ ဖြစ်သူ တိတ်အော့ဖ် ဟာ ဟူစတန်၊ ဘိုးလင်း လမ်းကြားက ပါတီပွဲအပြီးမှာ နိုဝင်ဘာ ၁ ရက်က သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာပါ။ 

ပစ်ခတ်မှုမှာ အခြားလူ ၂ ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး ရဲတွေဘက်ကတော့ အကျိုးအမြတ်များတဲ့ အန်စာတုံးဂိမ်း ကစားရင်း အငြင်းအခုံဖြစ်ရာက စတင်ခဲ့တာလို့ ဆိုပါတယ်။ 

တိတ်အော့ဖ်ဟာ အံစာတုံးဂိမ်းမှာ ဝင်မကစားခဲ့သလို အပြင်က အငြင်းအခုံကိစ္စမှာလည်း မပါဝင်ခဲ့ပါဘူး။ 

သူဟာ လက်နက်လည်း မကိုင်ထားပဲ အပြစ်မရှိတဲ့ ရပ်ကြည့်သူသက်သက်ပါ လို့ ဟူစတန်ရဲအရာရှိ မိုက်ကယ် ဘာရိုးက မှတ်ချက်ချပါတယ်။ 

အခင်းဖြစ်တဲ့ ပါတီပွဲမှာရှိနေတဲ့ လူ ၃၀ ကျော်ဟာ ဒီဖြစ်ရပ်နဲ့ပက်သက်ပြီး ရဲတပ်ဖွဲ့ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိတာကြောင့် စုံစမ်းစစ်ဆေးမှုက နှောင့်နှေးခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူ "တိတ်အော့ဖ်" ဟာ အတ္တလန်တာအခြေစိုက် အဖွဲ့ဝင် ၃ ယောက် ပါဝင်တဲ့ အမေရိကန် နာမည်ကြီးရက်ပ်ပါအဖွဲ့ Migos ရဲ့ အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သူရဲ့သေဆုံးမှုကြောင့် တကမ္ဘာလုံး က ပရိသတ်တွေနဲ့ အတ္တလန်တာ ဟစ်ဟော့ပ်အသိုင်းအဝိုင်းကိုပါ ဝမ်းနည်းကြေကွဲစေခဲ့ပါတယ်။ 

15 mins Ago

June 20, 2022

ဘရာဇီးတွင် ဗြိတိန်သတင်းထောက်နှင့် ပညာရှင်တို့အသတ်ခံရမှု သံသယရှိသူကို ဖမ်းဆီး

ဘရာဇီးနိုင်ငံ၊ အမေဇုန်မိုးသစ်တောထဲမှာ ဗြိတိန်သတင်းထောက် ဒွန်ဖီးလစ်ပ်နဲ့ တိုင်းရင်းသားရေးရာ ပညာရှင် ဘရူနို ပရေးရာတို့ကို သတ်ဖြတ်မှုအတွက် တတိယ မြောက်သံသယရှိသူကို ဇွန် ၁၈ ရက်မှာ ဖမ်းခဲ့တယ်လို့ ဘရာဇီးပြည်ထောင်စုရဲတပ်ဖွဲ့က ပြောပါတယ်။

ဂျက်ဖှာဆန် ဒါ ဆီလ်ဗာလီမာဟာ အစောပိုင်းက ထွက်ပြေးနေခဲ့ပေမဲ့ ပီရူးနဲ့ ကိုလံဘီယာနယ်စပ်မှာ ရှိတဲ့ ဝေးလံသီခေါင်တဲ့ ဂျာဗာရီ တောင်ကြားထဲက အတ္တာလိုင်ယာ ဒိုနော်တေ ရဲစခန်းမှာ လက်နက်ချခဲ့ပါတယ်။ 

ဇွန် ၁၇ ရက်က ဒေသထဲမှာ တွေ့တဲ့ လူ့အပိုင်းအစ အကြွင်းအကျန်တွေကို မှုခင်းဆေးပညာနဲ့ စစ်ဆေးရာမှာ ဖိလစ်ရဲ့ ရုပ်ကြွင်းတွေလို့ အတည်ပြုခဲ့ပါတယ်။ 

ဌာနေတိုင်းရင်းသား ပညာရှင် ဘရူနို ပရေးရာလို့ ယူဆရသူ ဒုတိယလူရဲ့ ရုပ်ကြွင်းတွေကိုတော့ ဆက်လေ့လာနေဆဲပါ။

အလွတ်တန်း သတင်းထောက် ဖိလစ်ဟာ  ဂါးဒီးယန်းနှင့် ဝါရှင်တန်ပို့စ် သတင်းစာတွေအတွက် သတင်းရေးခဲ့သူပါ။

သူဟာ လူတွေနဲ့ မဆက်ဆံဘဲ သီးခြားနေတဲ့ တိုင်းရင်းသား ခေါင်းဆောင်ဟောင်း Pereira နဲ့ အတူ မကြာသေးမီက ပြည်ထောင်စု ဌာနေတိုင်းရင်းသားရေးရာအေဂျင်စီ ဖှုနိုင်းက မျိုးနွယ်စုတွေနဲ့ ဆက်သွယ် ထားတဲ့ ခရီးစဉ်မှာ စာအုပ်တစ်အုပ်အတွက် သုတေသနလုပ်နေခဲ့တာပါ။

သူတို့ဟာ ဒီဒေသကို လှေနဲ့ သီးသန့် ခရီးသွားရင်း ဇွန် ၅ ရက်က ပျောက်ဆုံးခဲ့ပါတယ်။ သူတို့ ၂ ယောက်ကို သတ်ခဲ့တယ်လို့ ဝန်ခံထားတဲ့ ငါးဖမ်းသမား အာမာရယ်ဒို ဒါ ကို့စ်တာ အိုလီဗေးရာနဲ့ သူ့အကို အိုစနီဒါ ကော့စ်တာကို ခုသီတင်းပတ် အစောပိုင်းက ဖမ်းဆီးထိန်းသိမ်းထားခဲ့ပါတယ်။

6 months Ago
Up