မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေမှာ ကလေးငယ်တွေ မကြာခဏ ပစ်မှတ်ထားခံနေရကြောင်းနဲ့ တချို့ကလေးငယ်တွေဟာ စစ်လေယာဉ်နဲ့ ဗုံးကြဲမှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရမှုတွေကနေ ရှောင်ရှားနိုင်ဖို့ ဗုံးခိုကျင်းတွေထဲမှာ စာသင်ကြားရတဲ့ အခြေအနေမျိုး စိတ်မကောင်းစွာ ရောက်နေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်မှာ ဖေဖော်ဝါရီ ၇ ရက်ကနေ ၁၀ ရက်အထိ ကျင်းပတဲ့ ၂၀၂၃ ခုနှစ်အတွက် UNICEF Executive Board အဖွဲ့ရဲ့ ပထမအကြိမ် ပုံမှန်အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပါဝင်တက်ရောက် ပြောကြားခဲ့တာပါ။
UNICEF မှတ်တမ်းအရ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ ရေ အရင်းအမြစ်၊ အညစ်အကြေးစွန့်ပစ်မှုနဲ့ ကလေးငယ်တွေ အကာအကွယ်ပေးရေး ကဏ္ဍတို့မှာ စစ်အာဏာမသိမ်းမီကာလအထိ တိုးတက်ကောင်းမွန်ခဲ့ပေမဲ့ ဖေဖော်ဝါရီ ၂၀၂၁ ခုနှစ်ကစလို့ စစ်တပ်က မတရားဖမ်းဆီးထိန်းချုပ်မှု၊ နေရပ် စွန့်ခွာစေမှု၊ ဓားစာခံအဖြစ် ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုစတဲ့ ရက်စက်ကြမ်းကြုတ်မှု ဒဏ်ခံရသူတွေထဲမှာ ကလေးငယ်တွေ ပါဝင်နေပြီး စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေမှာ ကလေးငယ်တွေ မကြာခဏ ပစ်မှတ်ထားခံနေရတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။
စစ်တပ်ဟာ စစ်ကိုင်းတိုင်းနဲ့ ကရင်နီပြည်နယ်တို့အတွင်းရှိ ကိုယ်ပိုင်ကျောင်းတကျောင်းနဲ့ ရခိုင်ပြည်နယ်မှာ ကလေးနာမည်ပေး ကင်ပွန်းတပ် အခမ်းအနားကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁၁ ဦး အသက်သေဆုံးခဲ့ရပါတယ်။
၂၀၂၂ ခုနှစ် တစ်နှစ်တည်းမှာပဲ စစ်တပ်က ကလေးငယ် စုစုပေါင်း ၁၆၅ ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ ဒါဟာ၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဉ်ပါက ၇၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ UN OCHA ရဲ့ အစီရင်ခံစာများအရ ၅ ဒသမ ၆ သန်းသော ကလေးငယ်တွေဟာ စားနပ်ရိက္ခာ မလုံလောက်မှု၊ သန့်ရှင်းသော သောက်ရေ သုံးရေ၊ ကာကွယ်ဆေးနဲ့ ပညာသင်ကြားမှုတို့ကို အကန့်အသတ်နဲ့သာ ရရှိလို့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အထူးလိုအပ်နေတယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်အနေနဲ့ မကြာခင်က ၃၇ မြို့နယ်မှာ စစ်အုပ်ချုပ်ရေး Martial Law ထုတ်ပြန်ခဲ့ရာ လိုအပ်သူတွေထံ အကူအညီတွေရောက်ရှိရေး ပိုမိုကန့်သတ်တားဆီးခံရနိုင်ခြေရှိကြောင်း၊ စစ်တပ်အနေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်လုပ်ရပ်တွေ ပိုလုပ်လာနိုင်တာကြောင့် ကလေးငယ်များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်ချက် ဆက်လက် မြင့်တက်ဖို့ရှိတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။
စစ်အာဏာရှင်အောက်မှာ မြန်မာကလေးငယ်တွေရဲ့ အနာဂတ် မရေမရာရှိနေပြီး၊ စစ်အာဏာရှင် ချုပ်ငြိမ်းမှသာ ဒီလိုမရေမရာ ရှိမှုတွေကနေ ကာကွယ်ပေးနိုင်မှာဖြစ်လို့ မိမိတို့ ကြိုးပမ်းအားထုတ်မှုတွေကို အားလုံးဝိုင်းဝန်းကူညီဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မေတ္တာရပ်ခံပါတယ်။
အလှူရှင်နိုင်ငံတွေအနေနဲ့လည်း UNICEF အတွက် လိုအပ်တဲ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၂၁ သန်းကို ထောက်ပံ့ပေးခြင်းအားဖြင့် အကူအညီ လိုအပ်နေတဲ့ ကလေးငယ်တွေ၊ အထူးသဖြင့် ပဋိပက္ခဒေသက ကလေးငယ်တွေကို ထောက်ပံ့ပေးနိုင်မယ်လို့ ဆိုပါတယ်။
UNICEF အလုပ်အမှုဆောင် ညွှန်ကြားရေးမှူးကတ်သရင်ရပ်စ်ဆဲလ်က ကျန်းမာရေး၊ ပညာရေး၊ လုံခြုံဘေးကင်းရေးနဲ့ လေးငယ်တွေရဲ့ အနာဂတ်လုံခြုံရေးတို့ဟာ တပြိုင်နက်တည်း ဖြစ်ပေါ်နေပြီး မြောက်မြားစွာသော အကျပ်အတည်းတွေနဲ့ ဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်ထားဖို့ ကုလသမဂ္ဂကိုယ်စားလှယ်အရည်ချင်းကော်မတီက ဆုံးဖြတ်လိုက်တာဟာ ကြီးမားတဲ့အောင်မြင်မှုမဟုတ်ပေမဲ့ သံတမန်ရေးအရတော့ စစ်ကောင်စီကို အထိနာစေတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ မြန်မာ့အရေးလေ့လာသူတွေက သုံးသပ်ပြောပါတယ်။
ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်ထားဖို့အတွက် ကုလသမဂ္ဂရဲ့ အရည်ချင်းစစ်ကော်မတီက ဆုံးဖြတ်လိုက်တယ်လို့ ကုလသတင်းရင်းမြစ်တွေကို ကိုးကားပြီး VOA သတင်းဌာနက ဖော်ပြခဲ့တာဖြစ်ပြီး ကုလသဂ္ဂဘက်ကရော သံအမတ်ကြီးဘက်ကပါ တရားဝင်ထုတ်ပြန်ကြေညာတာတော့ မရှိသေးပါဘူး။
ကုလသမဂ္ဂမှာ နိုင်ငံကိုယ်စားပြုမှုနဲ့ ပတ်သက်လို့တော့ အန်ယူဂျီကိုယ်စားလှယ်ကို ရွေးမလား၊ စစ်ကောင်စီ တင်သွင်းထားတဲ့ ကိုယ်စားလှယ်ကို ရွေးမလား ဆိုတာကိုတော့ ကုလသမဂ္ဂက ဆုံးဖြတ်ခဲ့တာ မရှိသေးဘဲ ဆက်လက်ဆိုင်းငံ့ထားဦးမယ်လို့ ဆိုပါတယ်။
ဒီအခြေအနေဟာ အရင်ရှိရင်းစွဲပုံစံအတိုင်းဖြစ်ပြီး ကြီးမားတဲ့ ပြောင်းလဲမှုမဟုတ်ပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အတွက်တော့ သံတမန်ရေးရာကိစ္စတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့အတွက် အောင်မြင်မှုတစ်ခုလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ စင်ကာပူအမျိုးသားတက္ကသိုလ်က ကိုကြည်စင်က ပြောပါတယ်။
“ကြီးမားတဲ့ ထူးခြားတဲ့အောင်မြင်မှုတခု ရသွားတယ်လို့တော့ ပြောရခက်တယ်ပေါ့။ NUG ကတော့ သူ့ရဲ့ လက်ရှိထိန်းသိမ်းထားတဲ့ နိုင်ငံတကာမှာ ကိုယ်စားပြုမှုတခုကိုတော့ သံတမန်ရေး စာမျက်နှာမှာ ဒါဆက်ပြီးတော့ လှုပ်ရှားပါဝင်နိုင်ခွင့်ကို ဆက်ထိန်းသိမ်းထားနိုင်တဲ့အတွက်ကြောင့် သံတမန်ရေးအရကြည့်မယ်ဆိုရင်တော့ NUG ကတော့ ဒါ အောင်မြင်မှုတခုလို့ ပြောလို့ရတယ်။”
မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကလည်း ရုရှားရဲ့ ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားက ကုလသမဂ္ဂရဲ့ ဒီဆုံးဖြတ်ချက်ဟာ စစ်ကောင်စီကို အထိနာစေလိမ့်မယ်လို့ ပြောပါတယ်။
“စကစအတွက်ကတော့ တော်တော်အထိနာတာပေါ့ဗျာ။ သူ့အတွက်ကတော့ အထိနာပြီးရင်း နာပြီးရင်းပဲ။ ကျမတို့ တော်လှန်ရေးဘက်သားတွေကတော့ အားတက်စရာပေါ့။ ဒါဘာပဲဖြစ်ဖြစ် ကျမတို့ ပြည်သူတွေက နွေဦးတော်လှန်ရေးမှာ အဆက်မပြတ် ဖော်ပြနေတဲ့ လက္ခဏာတွေကို အသိအမှတ်ပြုတဲ့သဘောဖြစ်တာပေါ့၊ အားတက်စရာပေါ့။
ခုလိုမျိုး ကုလသမဂ္ဂ စင်မြင့်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်ရှိနေတာဟာ ပြည်သူတွေရဲ့ ညီညွတ်မှုကြောင့်ဖြစ်တယ်လို့လည်း ဒေါက်တာလှကျော်ဇော်က ဆိုပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံတကာအသိအမှတ်ပြုမှုကို အသည်းအသန် လိုချင်နေတဲ့ စစ်ကောင်စီအတွက်တော့ စိတ်ပျက်စရာဖြစ်စေမှာ ဖြစ်သလို စစ်ကောင်စီ ကြိုးစားနေတဲ့ ရွေးကောက်ပွဲကိုလည်း လက်ခံမှာမဟုတ်ဘူးဆိုတာကို ပြသရာလည်းရောက်တယ်လို့ ကိုကြည်စင်က ပြောပါတယ်။
ဒီဇင်ဘာ ၁၂ ရက်က ကျင်းပတဲ့ ကုလအရည်ချင်းစစ်ကော်မတီအစည်းအဝေးကနေ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ရှိရင်းစွဲပုံစံအတိုင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် တစ်နှစ်ဆက်ထားဖို့ သဘောတူညီခဲ့ကြတာဖြစ်ပြီး နိုင်ငံကိုယ်စားပြုမှုအရေးကိုတော့ ဆိုင်းငံ့ထား ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာက ကျင်းပခဲ့တဲ့ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေ ထွေညီလာခံကနေ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တင်သွင်းတဲ့ လုပ်ငန်းစဉ် ပြန်လည်စတင်ရာမှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုခွင့်ရရှိရေး အာဏာသိမ်းစစ်ကောင်စီဘက်က ကိုယ်စားလှယ်တင်သွင်းခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း ကိုယ်စားလှယ်အဖြစ် တင်သွင်းခဲ့တာပါ။
ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီမှာ အမြဲတမ်းအဖွဲ့ဝင်တွေဖြစ်ကြတဲ့ အမေရိကန်၊ ရုရှား၊ တရုတ် တို့အပါအဝင် နိုင်ငံ ၉ နိုင်ငံ ပါဝင်ပြီး ရုရှားက ကန့်ကွက်ခဲ့ပေမယ့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိရေး အခုလိုဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။