ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုသူအဖြစ် စစ်ကောင်စီက ကိုယ်စားလှယ် တင်သွင်းထားတဲ့ကိစ္စ ဆုံးဖြတ်ချက်ချဖို့ အထွေထွေညီလာခံက ထပ်မံရွှေ့ဆိုင်းလိုက်တဲ့အတွက် လက်ရှိသံအမတ်ကြီး ဦးကျော်မိုးထွန်းကပဲ အမြဲတမ်းကိုယ်စားလှယ်အဖြစ် နောက်ထပ်တနှစ် ဆက်လက် တာဝန်ထမ်းဆောင်ခွင့်ရရှိသွားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး Credential Committee (အရည်အချင်းစစ်ကော်မတီ)က နယူးယောက်စံတော်ချိန် ဒီဇင်ဘာ ၁၆ ရက်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အကြံပြုချက်အစီရင်ခံစာတင်သွင်းရာမှာ ကန့်ကွက်သူမရှိ အဖွဲ့ဝင် ၁၉၃ နိုင်ငံရဲ့ ဘုံသဘောတူညီချက်နဲ့ ရွေ့ဆိုင်းထားဖို့ ဆုံးဖြတ်လိုက်တာလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက PVTV ရုပ်သံကိုပြောပါတယ်။
“ဒီနေ့ မွန်းလွဲပိုင်းတုန်းက ကုလသမဂ္ဂ မျက်နှာစုံညီအစည်းအဝေးမှာ Credential Committee ရဲ့ အစီရင်ခံစာကို ကျနော်တို့ တူညီဆန္ဒနဲ့ပေါ့ မဲမခွဲဘဲနဲ့ အတည်ပြုခဲ့ပါတယ်။ ဒီလို အတည်ပြုလိုက်တဲ့ အတွက်ကြောင့်ကျနော်တို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အနေနဲ့ မနှစ်ကလိုပဲ ကုလသမဂ္ဂအထွေထွေညီလာခံ ဒီနှစ်ဆိုရင်တော့ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆက်လက်ပြီးတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးတော့ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်သွားနိုင်မှာဖြစ်တယ်။”
အခုလို ကုလသမဂ္ဂ အထွေထွေညီလာခံက ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်းနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို နိုင်ငံတကာသိအောင် ဆက်လက် ကြိုးပမ်းသွားမယ်လို့ မြန်မာ အမြဲတမ်းကိုယ်စားလှယ်က ပြောပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းက “အမြဲတမ်းကိုယ်စားလှယ်တယောက်အနေနဲ့ မြန်မာနိုင်ငံအကျိုး မြန်မာပြည်သူတွေရဲ့ အကျိုးအတွက် မြန်မာပြည်သူတွေရဲ့အသံ၊ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို နိုင်ငံတကာက သိအောင် မနှစ်ကလို့ပဲ ဒီနှစ်မှာလည်း ကုလသမဂ္ဂ မျက်နှာစာကတဆင့် နိုင်ငံတကာကိုသိရှိဖို့အတွက် ကျနော်တို့ အသံတွေကို ဆက်လက်အသိပေးသွားနိုင်မယ် ဒါကြောင့် မြန်မာနိုင်ငံ မြန်မာပြည်သူတွေ အကျိုးအတွက် အမြဲတမ်းကိုယ်စားလှယ်တယောက်အနေနဲ့ လုပ်နိုင်မယ့်အရာတွေကို ကျနော်တို့ ဆက်လက် ဆောင်ရွက်သွားနိုင်မှာဖြစ်တယ်။ ဒါကြောင့်မို့လို့ အခုလိုမျိုး ကုလသမဂ္ဂ အထွေထွေညီလာခံကနေပြီးတော့ Credential Committee ရဲ့ အစီရင်ခံစာကို တူညီဆန္ဒနဲ့ အတည်ပြုပေးတဲ့ဥစ္စာကိုလည်း ကျေးဇူးတင်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံ မြန်မာပြည်သူတွေအတွက် မြန်မာနိုင်ငံအကျိုးအတွက် ကျနော်ဆက်လက်ပြီးတော့ တာဝန်တွေကိုဆက်လက် ထမ်းဆောင်သွားဖို့ရှိပါမယ်”လို့ ပြောပါတယ်။
မြန်မာအာဏာသိမ်းစစ်ကောင်စီရဲ့ ကိုယ်စားလှယ်အပြင် အာဖဂန်တာလီဘန်အစိုးရနဲ့ လစ်ဗျား စင်ပြိုင်အစိုးရတို့က ခန့်အပ်ဖို့တောင်းထားတဲ့ ကိုယ်စားလှယ်တွေကို လက်ခံရေးမခံရေး မဲခွဲဆုံးဖြတ်ဖို့ကိုလည်း ရွေ့ဆိုင်းလိုက်ကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံက ဒီဇင်ဘာလ ၁၆ ရက် သောကြာနေ့က အတည်ပြုလိုက်ပါတယ်။
အခုလိုအတည်ပြုလိုက်ခြင်းကြောင့် မြန်မာ၊ အာဖဂန်နစ္စတန်နဲ့ လစ်ဗျားတို့ရဲ့ လက်ရှိကိုယ်စားလှယ်တွေကပဲ ၇၇ ကြိမ်မြောက် အထွေထွေညီလာခံ ပြီးဆုံးမယ့် ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ နဂိုအတိုင်း ဆက်လက် ရှိနေကြမှာဖြစ်ပါတယ်။
မြန်မာစစ်တပ်ဟာ လူထုရဲ့ဆန္ဒမဲနဲ့ အပြတ်အသတ်အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အန်အယ်လ်ဒီအစိုးရဆီကနေ အဓမ္မအာဏာလုယူပြီးခဲ့တဲ့အချိန်ကနေစတင်ပြီး ကုလသမဂ္ဂမှာ သူတို့ရဲ့ ကိုယ်စားလှယ်နေရာရရှိရေးအတွက် ကြိုးစားနေခဲ့တာဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အပေါ် ဗြိတိန်အခြေစိုက် မြန်မာ့တာဝန်ခံမှု ရှိစေရေး ပရောဂျက် အဖွဲ့ (MAP) ရဲ့ ဒါရိုက်တာ ခရစ္စဂန်းနက်စ်ကလည်း “အာဏာသိမ်းခေါင်းဆောင်က နိုင်ငံတကာအသိအမှတ်ပြုမှုရရှိရေးအတွက် ကြိုးစားနေတဲ့အချိန်မှာ ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံရေးအရ အလွန်ကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်” လို့ အယ်လ်ဂျာဇီးယားသတင်းဌာနကို ပြောပါတယ်။
မြန်မာစစ်ကောင်စီ စေလွှတ်ထားတဲ့ ကိုယ်စားလှယ်ဆိုင်ရာကိစ္စ မဲခွဲဆုံးဖြတ်ရေးကို ၂၀၂၁ ခုနှစ် ကုလအထွေထွေညီလာခံမှာလည်း ပထမတစ်ကြိမ် နောက်ဆုတ်ခဲ့ပြီး အခုတကြိမ်ဟာ ဒုတိယအကြိမ်မြောက် ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်လည်းဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ အရည်အချင်းစစ်ကော်မတီမှာ ရုရှား၊ တရုတ်နဲ့ အမေရိကန်တို့ အပါအဝင် အဖွဲ့ဝင် ၉ ဦး ပါဝင်တာဖြစ်ပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်ကကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြည်သူသာ အဓိက၊ အရေးတော်ပုံ အောင်ရမည်ဆိုပြီး လက်သုံးချောင်းထောင်ကာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ကြောင်း မြန်မာပြည်သူတွေက ရွေးချယ်ထားတဲ့ အန်အယ်လ်ဒီဦးဆောင်တဲ့ အရပ်သားအစိုးရကို ကိုယ်စားပြုပြီး ပြောဆိုသွားခဲ့ပါတယ်။
Photo-NUG
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ရိုဟင်ဂျာတွေအပါအဝင် လူနည်းစု တိုင်းရင်းသားတွေအပေါ်မှာ အနိုင်ကျင့်ကျူးလွန်မှုတွေနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်အပါအဝင် တခြားဆုံးဖြတ်ချက်မူကြမ်း ၆ ခုကို ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုလိုက်ပါတယ်။
နိုဝင်ဘာ ၁၇ ရက်က ကျင်းပတဲ့ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ တတိယကော်မတီအစည်းအဝေးမှာ “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်များနှင့် အခြားလူနည်းစု များ၏ လူ့အခွင့်အရေးအခြေအနေ” ဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်းကို မဲမခွဲဘဲ အဖွဲ့ဝင်နိုင်ငံတွေအားလုံးရဲ့ တူညီဆန္ဒနဲ့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို ဘုံသဘောတူညီချက်နဲ့ အတည်ပြုခဲ့တာဖြစ်ပြီး ရိုဟင်ဂျာတွေ ဘေးဒုက္ခရောက်အောင်ဆောင်ရွက်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေအားလုံးကို ဒီဆုံးဖြတ်ချက်အရ ရှုတ်ချပြစ်တင်ဆန့်ကျင်သွားမှာ ဖြစ်ပါတယ်။
မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်ကျူးလွန်မှုတွေအားလုံး ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုမှာဖြစ်သလို ဘေးသင့်ခဲ့တဲ့ အနိုင်ကျင့်ခံခဲ့ရသူတွေအတွက် တရားမျှတမှုရရှိရေးဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ပြစ်မှုကျူးလွန်ပြီး တာဝန်မခံရဘဲ လွတ်မြောက်နေတာအဆုံးရေးအတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဆုံးဖြတ်ချက်ကို အတည်ပြုလိုက်တာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ကြိုဆိုကြောင်းနဲ့ အဆိုပါ အဆိုမူကြမ်းအား အစဉ်တစိုက် ဦးဆောင်ဦးရွက်ပြုခဲ့တဲ့ ဥရောပသမဂ္ဂနဲ့ အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(အိုအိုင်စီ) အဖွဲ့ဝင်နိုင်ငံအားလုံးကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။
NUG အနေနဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ၂၀၂၁ ခုနှစ်၊ ဇွန်လက ထုတ်ပြန်ခဲ့တဲ့ မူဝါဒရေးရာ ရပ်တည်ချက်ပါ ကတိကဝတ်တွေကို မြန်မာနိုင်ငံအနေနဲ့ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ့်အပြင် အခုအတည်ပြုခဲ့တဲ့အဆိုမူကြမ်းမှာပါဝင်တဲ့ အကြံပြုချက်တွေကိုလည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းနဲ့ ဆက်လက် ပူးပေါင်း အကောင်အထည် ဖော် ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
ဒါပေမဲ့ အဆိုမူကြမ်းမှာ စစ်အုပ်စုကျူးလွန်ခဲ့တဲ့ရက်စက်ကြမ်းကြုတ်မှုတွေအပေါ် တာဝန်ခံမှုရှိစေဖို့ တောင်းဆိုရာမှာ အားနည်းနေသလို စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ပစ်မှတ်ထား ဖြေရှင်းပေးနိုင်မယ့် လက်နက်တင်ပို့ရောင်းချခြင်းအား ဖျက်သိမ်း စေနိုင်မယ့်အစီအစဉ်ကိုလည်း တောင်းဆိုဖို့ ပျက်ကွက်ခဲ့တဲ့အတွက် စစ်တပ်ရဲ့လုပ်ဆောင်ချက်တွေကို ပြည့်ပြည့်ဝဝ ဖြေရှင်းပေးနိုင်မယ့် တခြားသော အဆိုမူကြမ်းတစ်ခုကို ကုလသမဂ္ဂ အထွေထွေ ညီလာခံအနေနဲ့ အားဖြည့်ပံ့ပိုးပေးဖို့လည်း NUG ကအကြံပြုတိုက်တွန်းထားပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း ကုလသမဂ္ဂအထွေထွေညီလာခံမှာတက်ရောက်ပြီး မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့ မိန့်ခွန်းပြောကြားခဲ့ရာမှာ ရိုဟင်ဂျာတွေနဲ့ တခြား လူနည်းစုတွေအပါအဝင် မြန်မာနိုင်ငံရှိ ပြည်သူတစ်ရပ်လုံးရဲ့ လူ့အခွင့်အရေးတွေကို ကာကွယ်မြှင့်တင်ပေးဖို့၊ ၎င်းတို့ ကြုံတွေ့ခံစားနေရတဲ့ ဒုက္ခတွေကို ဖယ်ရှားပေးနိုင်ဖို့နဲ့ ဒီလို့ ဆိုးရွားသည့်အခြေအနေ ထပ်မံမဖြစ်ပွားစေဖို့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအား ကျူးလွန်နေတဲ့ စစ်တပ်ကို အမြန်ဆုံးအပြစ်ပေးအရေးယူကာ တာဝန်ခံစေခြင်းကသာ အထိရောက်ဆုံးနဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အဓိကကျတဲ့ ပြဿနာရဲ့ ဇစ်မြစ်ကို ကောင်းမွန်စွာ ဖြေရှင်းနိုင်ခြင်း မရှိသကဲ့သို့ ဒီပြဿနာ အဓိကဖြစ်ပေါ်စေတဲ့ ပြစ်မှုကျူးလွန်သူ စစ်တပ်ကို ပြစ်ဒဏ်မချမှတ်နိုင်ပါက ရိုဟင်ဂျာအပါအဝင် အားလုံးသော မြန်မာပြည်သူတွေရဲ့ အခွင့်အရေးအကာအကွယ်ပေးရေး အင်အားစိုက်ထုတ်မှုတွေဟာ အချည်းအနှီးသာ ဖြစ်မယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြထားပါတယ်။
လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ပိုမိုဆိုးရွားလာနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အဲဒီဆုံးဖြတ်ချက်ကို တတိယကော်မတီက အတည်ပြုခဲ့တဲ့အပေါ် ယူကေနိုင်ငံက ထောက်ခံကြောင်းနဲ့ ဒီအကြောင်းအရာကို ဆွေးနွေးဖြစ်အောင် တင်ပြလာခဲ့တဲ့ အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နဲ့ ဥရောပသမဂ္ဂတို့ကို ကျေးဇူးတင်ကြောင်း ယူကေ ကိုယ်စားလှယ်က အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် မြန်မာနိုင်ငံသားတွေ ဘေးဒုက္ခအမျိုးမျိုးခံစားနေရပြီး မြန်မာနိုင်ငံဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးဒုက္ခအမျိုးမျိုးကြုံတွေ့ခံစားနေရတယ်လို့ သူကပြောပါတယ်။
အခုဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပါအဝင် တိုင်းရင်းသား လူနည်းစုတွေ တနေ့တခြားပိုမိုကာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေကို သိသာပေါ်လွင်စေတယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်ရဲ့ ဖမ်းဆီးနှိပ်စက်မှုတွေ၊ ရွာတွေကိုမီးရှို့ဖျက်ဆီးမှုတွေ၊ အဖြူအမဲမခွဲခြားဘဲ လေကြောင်းကနေ တွေ့သမျှ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ လူအမြောက်အမြားကို သတ်ဖြတ်တာအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ယူကေ က ပြင်ပြင်းထန်ထန်ဆန့်ကျင် ရှုတ်ချတယ်လို့လည်းပြောပါတယ်။
အကာအကွယ်မဲ့ လူနည်းစု အရပ်သားတွေအပေါ် ရက်ရက်စက်စက် အကြမ်းဖက်သတ်ဖြတ်တာနဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုတွေဟာ ပိုလို့တောင် စက်ဆုပ်ရွံ့ရှာစရာဖြစ်တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ ရိုဟင်ဂျာ ၆ သိန်းကျော်ဆက်လက်ရှိနေပြီး သူတို့ကို လူရာမသွင်း ခွဲခြားမှုတွေရှိနေပါတယ်။ သူတို့ဟာ နိုင်ငံသားဖြစ်ကြောင်း အထောက်အထားလည်းမရရှိသလို ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း မရရှိကြပါဘူး။ အဲဒီလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ အားလုံးကို ချက်ချင်းရပ်တန့်ရမယ်လို့ သူကပြောပါတယ်။
မြန်မာစစ်တပ်အပေါ် လက်နက်ရောင်းဝယ်မှု ပိတ်ဆို့ရေးကို ယူကေက ချမှတ်ခဲ့ပြီးဖြစ်သလို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကပါ မြန်မာစစ်အာဏာရှင်တွေဆီ လက်နက်တင်ပို့ရောင်းချမှု ရပ်တန့်ဖို့ အလေးအနက် တိုက်တွန်းကြောင်း ယူကေကတိုက်တွန်း ပြောပါတယ်။
မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်ပြီး အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ဖို့ တောင်းဆိုတယ်လို့ ယူကေ ကိုယ်စားလှယ်က ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ တတိယကော်မတီ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
Photo- Myanmar UN Mission