သြစတြေးလျနိုင်ငံသား ပရော်ဖက်ရှင်နယ် ရေလွှာလျှောစီးကစားသမားဟောင်း ဘလိတ်ခ် ဂျွန်စတန်ဟာ ဆစ်ဒနီကမ်းခြေမှာ ဘုတ်ပြားနဲ့အတူ နာရီပေါင်း ၄၀ကျော်ကြာ စီးနင်းပြရင်း မတ် ၁၇ ရက်က ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
ဂျွန်စတန်ဟာ အချိန်အကြာဆုံး ကမ္ဘာ့ရေလွှာလျှောစီးစံချိန်ကို မတ် ၁၇ ရက် အစောပိုင်း ကတည်းက ချိုးဖျက်နိုင်ခဲ့တာဖြစ်ပြီး စံချိန်ဟောင်းကိုတော့ တောင်အာဖရိကနိုင်ငံသား ဂျော့ရှ် အန်းစလင်း က နာရီပေါင်း ၃၀၊ ၁၁ မိနစ်နဲ့အတူ ပိုင်ဆိုင်ထားတာပါ။
မတ် ၁၆ရက် ဒေသစံတော်ချိန် မနက် ၁နာရီလောက်ကတည်းက ကမ္ဘာ့စံချိန်သစ်တင်နိုင်ဖို့အတွက် ဒီရေလွှာ လျှောစီးမှုကို စတင်ခဲ့တာဖြစ်ပြီး မတ် ၁၇ ရက် ညနေပိုင်းအထိ နာရီပေါင်း ၄၀ကျော်ကြာ ရေထဲမှာ စီးနင်းနိုင်ခဲ့တာကြောင့် အခုလို စံချိန်သစ်တင်နိုင်ခဲ့တာပါ။
ဆစ်ဒနီမြို့တောင်ပိုင်းက ခရိုနိုလာကမ်းခြေမှာ ဂျွန်စတန်ရဲ့မိသားစု အပါအဝင် ရာနဲ့ချီတဲ့ ပရိသတ်တွေဟာ သူ ပင်လယ်ထဲက တက်လာတာနဲ့ အားပေး နှုတ်ဆက်ခဲ့ကြပါတယ်။
ဂျွန်စတန်ဟာ ဒီရေလွှာလျှောစီးမှုအတွင်း လှိုင်းပေါင်း ၇၀၀ ကျော်ကို ဖြတ်သန်းပြခဲ့တာ ဖြစ်တယ်လို့ ပြည်တွင်းမီဒီယာတွေအရ သိရပါတယ်။
ဒါ့အပြင် ချမ်ပီပူးလင်း ဖောင်ဒေးရှင်းနဲ့ ပူးပေါင်းကာ လူငယ်တွေရဲ့ စိတ်ကျန်းမားရေးဆိုင်ရာ ပဏာမလှုပ်ရှားမှုတွေအတွက် ကမ္ဘာ့စံသစ်ချိန်တင်နိုင်မှုက တဆင့် ရံပုံငွေရှာဖွေဖို့ ဂျွန်စတင်က အခုလိုကြိုးပမ်းခဲ့တာပါ။
အီရန်အမျိုးသမီး Mahsa Amini သေဆုံးပြီးနောက် အီရန်နိုင်ငံရှိ ဆန္ဒပြသူတွေနဲ့ တစည်းတလုံးတည်းရှိကြောင်း ပြသတဲ့အနေနဲ့ ထောင်နဲ့ချီတဲ့ သြစတြေးလျနိုင်ငံသားတွေဟာ အောက်တိုဘာ ၁ ရက်က ဆစ်ဒနီနဲ့ မဲလ်ဘုန်းတို့မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ပြီး နဖူးစည်း စာတန်းတွေကိုလည်း ကိုင်ဆောင်ပြီးတော့ အီရန်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ တညီတညွတ်တည်း ရပ်တည်နေကြောင်း ပြသခဲ့ပါတယ်။
လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က အာမီနီသေဆုံးမှုဟာ အီရန်နိုင်ငံတစ်ဝှမ်းမှာ အစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲများ ဖြစ်ပွားစေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော်ကြာ အစ္စလာမ္မစ် ဘာသာရေးဆရာ တွေ အာဏာထူထောင်ထားမှုကို အဆုံးသတ်ဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။
စက်တင်ဘာ ၁၃ ရက်က အစ္စလာမ့်သမ္မတနိုင်ငံရဲ့ ကျင့်ဝတ်ထိန်းသိမ်းရေး ရဲတပ်ဖွဲ့က အသက် ၂၂ နှစ် အရွယ် အာမီနီကို မသင့်လျော်စွာ ၀တ်စားဆင်ယင်မှုနဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက်မှာ ထိန်းသိမ်းထားချိန်အတွင်းမှာပဲ အာမီနီ သေဆုံးခဲ့ရမှုကြောင့် အဲဒီနောက်ပိုင်း နိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၈၀ ကျော်မှာ ဒေါသထွက်နေတဲ့ ဆန္ဒပြပွဲတွေ ပျံ့နှံ့ခဲ့ပါတယ်။
အီရန်အစိုးရက ဆန္ဒပြပွဲတွေကို ဖြိုခွင်းခဲ့ရာမှာ လူပေါင်း ၅၂ ဦးထက်မနည်း သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က စက်တင်ဘာ ၃၀ ရက် သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။