close

သွင်းကုန်လိုင်စင်

close

April 27, 2023

ကုန်စည်လိုင်း ၃၀၀၀ ကျော်ကို Automatic Licensing စနစ်ဖြင့် သွင်းကုန်လိုင်စင် ခွင့်ပြုမည်

မြန်မာနိုင်ငံမှာ  အရင်က လိုင်စင်မလိုဘဲ တင်သွင်းခွင့်ပြုထားတဲ့ ကုန်စည်လိုင်း ၃၀၀၀ ကျော်ကို Automatic Licensing စနစ်နဲ့ သွင်းကုန်လိုင်စင်ခွင့်ပြုပေးသွားမယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။

သွင်းကုန်လိုင်စင်တွေကို Automatic Licensing စနစ်၊ Non-Automatic Licensing စနစ် တို့နဲ့ လာမယ့် ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့က စတင်ခွင့်ပြုသွားမှာ ဖြစ်တာကြောင့် အရင်က လိုင်စင်မလိုဘဲ တင်သွင်းခွင့်ပြုထားတဲ့ ကုန်စည်လိုင်း ၃၀၀၀ ကျော်အပါအဝင် ပြည်ပက တင်သွင်းမယ့် ကုန်စည်အားလုံးအတွက် Myanmar Tradenet 2.0 စနစ်ကို ဝင်ရောက်လျှောက်ထားရမယ်လို့လည်း ကုန်သွယ်ရေးဦးစီးဌာနက အသိပေး ထုတ်ပြန်ထားတာပါ။

ကုန်သွယ်ရေးဉီးစီးဌာနအနေနဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေ စနစ်တကျဆောင်ရွက်နိုင်စေဖို့အတွက် ဆိုကာ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေက တင်သွင်းတဲ့ ကုန်စည်အားလုံးကို သွင်းကုန် လိုင်စင်လျှောက်ထားပြီးမှသာ တင်သွင်းခွင့်ပြုသွားဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Automatic Licensing စနစ်က သွင်းကုန်လိုင်စင်တွေကို ဌာနကစိစစ်ဖို့မလိုဘဲ စနစ်က အလိုအလျောက် လိုင်စင်ထုတ်ပေးတဲ့စနစ်ဖြစ်ပြီး Non-Automatic Licensing စနစ်က သွင်းကုန်လိုင်စင်ဦးစွာ လျှောက်ထားပြီးမှ စိစစ်ခွင့်ပြုတဲ့စနစ် ဖြစ်ပါတယ်။

စစ်ကောင်စီ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက နောက်ဆုံးနောက်ပြန်ထားတဲ့ အမိန့်ကြော်ငြာစာအရ Non-Automatic Licensing စနစ်နဲ့ သွင်းကုန် လိုင်စင်လျှောက်ထားရမယ့် HS Code 10 digit နဲ့ ကုန်စည်လိုင်း (၈၇၇၄) လိုင်း ရှိပါတယ်။

စစ်ကောင်စီလက်ထက်မှာ သွင်းကုန်တွေကို ပို့ကုန်ရငွေနဲ့ မြန်မာနိုင်ငံသားတွေရဲ့လုပ်ခနဲ့ လစာလွှဲငွေတွေကို အခြေခံပြီး တင်သွင်းခွင့်ပြုထားပါတယ်။

အဲဒီအစီအစဉ်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး ကနဦးအနေနဲ့ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးမှာ စတင်ကျင့်သုံးခဲ့တာဖြစ်ပါတယ်။

6 mins Ago

July 22, 2022

ကိုယ့်အစီအစဉ်နှင့်ကိုယ် ဒေါ်လာဝယ်ပြီး ဆေးတင်သွင်းမည့် ကုမ္ပဏီများကို သွင်းကုန်လိုင်စင် ချပေးမည်ဟုဆို

ကိုယ်ပိုင်အစီအစဉ်နဲ့ ပြင်ပကနေ ဒေါ်လာဝယ်ယူပြီး ငွေပေးချေနိုင်မယ့် ဆေးနဲ့ဆေးဝါးပစ္စည်း တင်သွင်းတဲ့ ကုမ္ပဏီတွေကို သွင်းကုန်လိုင်စင်ထုတ်ပေးမယ်လို့ စစ်ကောင်စီလက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက ကြေညာပါတယ်။

အရင်က စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ဟာ အမေရိကန်ဒေါ်လာ လိုအပ်ချက်ရှိနေတဲ့ အိမ်သုံးဆေးဝါး အပါအဝင် သွင်းကုန်သမားတွေကို  တစ်ဒေါ်လာ ၁၈၅၀ ကျပ်နှုန်းထားနဲ့ နိုင်ငံခြားငွေရောင်းဝယ်ခွင့်လုပ်ငန်း (AD) လိုင်စင်ရှိတဲ့ ဘဏ်တွေကတဆင့်  ဒေါ်လာရောင်းချပေးနေတာပါ။

အခုအခါ  ဆေးဝါးပစ္စည်းတင်သွင်းတဲ့ ကုမ္ပဏီတွေကို  ပြင်ပကနေ ဒေါ်လာငွေ ကိုယ့်အစီအစဉ်နဲ့ ကိုယ် ဝယ်ယူခိုင်းပြီး သွင်းကုန်တင်သွင်းကြဖို့  ဆေးနဲ့ဆေးဝါးပစ္စည်းတင်သွင်းသူတွေကို တရားဝင် ကြေညာချက်ထုတ်ပြန် အသိပေးလာတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ ပြည်ပကနေ ဆေးနဲ့ဆေးပစ္စည်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေးမှုကို သင်္ကြန်ပြီးနောက်ပိုင်း  ကန့်သတ်ခဲ့တာကြောင့် ပြည်တွင်းမှာ ဆေးဝါးနဲ့ဆေးပစ္စည်းစျေးနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။ 

အခုအခါ ကျပ်ငွေတန်ဖိုးထိုးကျပြီး ဒေါ်လာစျေး ထပ်မံမြင့်တက်လာတာကြောင့် မူလကတည်းက မြင့်တက်နေတဲ့ ဆေးနဲ့ဆေးပစ္စည်းတွေဟာ ပိုမိုမြင့်တက်လာပါတယ်။

ဒါ့အပြင် ဆေးဆိုင်အချို့မှာ ဆေးဝါးပစ္စည်း ရှားပါး ပြတ်တောက်မှု ဖြစ်ပေါ်ပြီး၊ အကန့်အသတ်နဲ့သာ ရောင်းချပေးမှုတွေ လည်းရှိနေပါတယ်။

အရင်က ဆေးနဲ့ဆေးပစ္စည်း တင်သွင်းခွင့်လိုင်စင် ရရှိဖို့  စီးပွားကူးကူးသန်းဝန်ကြီးဌာနကိုသာ တင်ပြရပေမဲ့  ပြီးခဲ့တဲ့ဧပြီလကစတင်ပြီး နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီကို သွင်းကုန်လိုင်စင်တွေတင်ပြပြီးမှသာ လိုင်စင်ခွင့်ပြုပေးတာ ဖြစ်ပါတယ်။

လိုင်စင်ချထားမှု ကြန့်ကြာတဲ့အပြင် ကုမ္ပဏီတွေ လိုအပ်သလောက် ဒေါ်လာငွေကို ထုတ်ရောင်းချပေးနိုင်မှုလည်း မရှိဘူးလို့  သွင်းကုန်လုပ်ငန်းရှင်တွေထံက သိရပါတယ်။

အခုအခါ အဲဒီကော်မတီကို တင်ပြထားတဲ့ သွင်းကုန်လိုင်စင်တွေထဲကမှ ကိုယ့်အစီအစဉ်နဲ့ ကိုယ် ပြင်ပကနေ ဒေါ်လာဝယ်ယူပြီး  တင်သွင်းနိုင်တဲ့ကုမ္ပဏီတွေကို လိုင်စင်ခွင့်ပြုပေးလိုက်တာပါ။

လက်ရှိမှာ စစ်ကောင်စီဟာ ကုမ္ပဏီတွေရဲ့  နိုင်ငံခြားငွေ မှန်သမျှကို တစ်ဒေါ်လာ ၁၈၅၀ ကျပ်နဲ့ လဲလှယ်သိမ်းယူတာအပြင် တစ်ဦးချင်း အကောင့်ထဲက ဒေါ်လာတွေကိုပါ လဲလှယ်သိမ်းယူ နေတာပါ။

လက်ရှိမှာလည်း စစ်ကော်စီရဲ့ ဒေါ်လာထိန်းချုပ်ရေး ညွှန်ကြားချက် အဆင့်ဆင့်တွေကြောင့် ပြင်ပ နိုင်ငံခြားငွေစျေးကွက်မှာ ဒေါ်လာငွေလဲနှုန်းက တစ်ဒေါ်လာ ကို ၂၄၀၀ကျပ်အထိ မြင့်တက်နေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း တစ်ဒေါ်လာကို ၂၅၀၀ကျပ် ဝန်းကျင်ထိ မြင့်တက်ခဲ့ပေမဲ့  ဒေါ်လာဝယ်ရောင်းသမားတွေကို လိုက်လံ ဖမ်းဆီး၊စစ်ဆေးမှုတွေ ရှိလာတာကြောင့် အနည်းငယ် ပြန်လည်ကျရိပ်ပြလာတာပါ။

အခုထုတ်ပြန်ချက်အရ သွင်းကုန်သမားတွေကို ဒေါ်လာ မရောင်းပေးတော့ဘဲ ပြင်ပ ဒေါ်လာတွေ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဝယ်ယူတင်သွင်းခိုင်းမယ်ဆိုရင် ဒေါ်လာစျေး အမြင့်ဆုံးတက်လာနိုင်တယ်လို့  စျေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

9 months Ago
Up