ဆီဗီလာနဲ့ပွဲမှာ ၂ ဂိုးသွင်းယူပြီး စံချိန်သစ်တင်နိုင်ခဲ့တဲ့ တိုက်စစ်မှူးဟာလန်းကို နည်းပြဂွါဒီယိုလာက ချီးကျူးလိုက်ပါတယ်။
ဟာလန်းဟာ မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲဦးထွက် ပွဲစဉ်မှာပဲ ၂ ဂိုးသွင်းယူနိုင်ခဲ့လို့ မတူညီတဲ့ ကလပ်သုံးသင်းနဲ့ ချန်ပီယံလိဂ်ပွဲဦးထွက်မှာပဲ ဂိုးတွေသွင်းယူနိုင်ခဲ့တာပါ။
ဒါဟာ သမိုင်းတလျှောက် ၄ ဦး မြောက်ကစားသမားဖြစ်ခဲ့ပြီး မတူညီတဲ့ ကလပ်သုံးသင်းနဲ့ ပွဲဦးထွက်ပွဲတိုင်းမှာ ၂ ဂိုးနဲ့ အထက် သွင်းယူနိုင်ခဲ့တာကတော့ သမိုင်းတလျှောက် ပထမဆုံးကစားသမား ဖြစ်လာခဲ့တာပါ။
ဟာလန်းဟာ ဆဲလ်ဘတ်နဲ့ ချန်ပီယံလိဂ်ပွဲဦးထွက်မှာ ဟတ်ထရစ် သုံးဂိုးသွင်းခဲ့ပြီး ဒေါ့မွန်နဲ့ မန်စီးတီးအသင်းတွေနဲ့ ချန်ပီယံလိဂ်ပွဲဦးထွက်ပွဲစဉ်တွေမှာ ၂ ဂိုးစီသွင်းယူနိုင်ခဲ့တာပါ။
နည်းပြဂွာဒီယိုလာကတော့ ဟာလန်းရဲ့ ဂိုးသွင်းစွမ်းရည်ဟာ အံ့အားသင့်စရာ ကောင်းလောက်အောင် ထူးချွန်ပြီး လက်ရှိစွမ်း ဆောင်ရည်ကို ဆက်ထိန်းနိုင်ဖို့ ကူညီပေးသွားမယ်လို့ ပြောပါတယ်။
နော်ဝေတိုက်စစ်မှူး ဟာလန်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၆ ပွဲအပြီးမှာလည်း ၁၀ ဂိုးသွင်းယူထားပြီး ပြိုင်ပွဲစုံ ၇ ပွဲကစား၊ ၁၂ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။