ကချင်ပြည်နယ်၊ ပူတာအိုနမ်ဟော့အကျဉ်းထောင်မှာ ရာဇသတ်ကြီးပုဒ်မ-၅၀၅(က)နဲ့ တရားစွဲဆိုပြီး မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ နောင်မွန်မြို့နယ်က ဓမ္မဆရာ ၃ ဦးနဲ့ ပူတာအိုမြို့နယ်က သွားဆရာဝန်တို့ကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်နဲ့ အောက်တိုဘာ ၁၈ ရက်နေ့ ညနေ ၅ နာရီလောက် ပြန်လွတ်လာတယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
နောင်မွန်မြို့နယ်ဓမ္မဆရာတွေဖြစ်တဲ့ KBCအသင်းတော်က ဆရာတော် ဂျီဆင်ဆားရ်နဲ့ ဆရာတော် မန်ခူဒီး၊ COC အသင်းတော်က ဆရာတော် ဇာကွန်းထီ၊ ပူတာအိုမြို့နယ်မှာ သွားဆေးခန်းဖွင့်ထားတဲ့ ဒေါက်တာဟိန်းသူရဇော်တို့ လွတ်မြောက်လာတာလို့ ဆိုပါတယ်။
ပူတာအိုနမ်ဟော့အကျဉ်းထောင်မှာ မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေထဲက ၄ ဦးသာ လွတ်မြောက်လာတာဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြမှုတွေနဲ့ပတ်သက်လို့ ပြစ်ဒဏ်ချပြီးသား အကျဉ်းသား ၁၃၁၆ ဦးနဲ့ တရားစွဲခံထားရသူ အယောက် ၄၃၂၀ ကို ပြန်လွှတ်ပေးမယ်လို့ အောက်တိုဘာ ၁၈ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီက ကြေညာလိုက်ပြီးနောက် အခုလို နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာတာပါ။
ကချင်ပြည်နယ်အတွင်း ပူတာအိုမြို့၊ လုံးစွတ်ရပ်ကွက်က သွားဆရာ၀န်တစ်ဦးကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ပူတာအိုဒေသခံတွေက ပြောပါတယ်။
ဒီနေ့ ၅:၃၀ အချိန်မှာ ဖမ်းဆီးခံရတာဖြစ်ပြီး သွားဆရာ၀န်အနေနဲ့ CDM မှာပါဝင်သူတွေကို သူ့ဆေးခန်းမှာ အခမဲ့ ဆေးကုပေးမည်ဆိုတဲ့ ဆိုင်းဘုတ်ထောင်ထားတာကြောင့် အဖမ်းခံရတာဖြစ်တယ်လို့ ပူတာအိုဒေသခံတွေက ဆိုပါတယ်။
ပူတာအိုမြို့ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒထုတ်ဖော်တဲ့ သပိတ်စစ်ကြောင်းမှ ဖမ်းဆီးအမှုဖွင့်ခံရသူ ကိုဆိုင်းလင်းအောင်လည်း ဒီနေ့ထိ မလွတ်လာသေးဘူးလို့ သိရပါတယ်။