ထိုင်ဝမ်သမ္မတဟောင်း မာယင်ကျိုးဟာ မတ်လ ၂၇ ရက်က ၁၂ ရက်ကြာ တရုတ်နိုင်ငံ ခရီးစဥ်အဖြစ် ရှန်ဟိုင်းမြို့ကို လာရောက်ခဲ့တယ်လို့ စင်ကာပူအခြေစိုက် CNAသတင်းဌာနက ဖော်ပြပါတယ်။
ဒီခရီးစဥ်က နှစ်ပေါင်း ၇၀ ကျော်အတွင်းမှာ ထိုင်ဝမ်နိုင်ငံရဲ့ခေါင်းဆောင်တစ်ဦးအနေနဲ့ တရုတ်ပြည်ကိုပထမဆုံးအကြိမ်လာရောက်တဲ့ ခရီးစဉ်ဖြစ်ပြီး ထိုင်ဝမ်သမ္မတဟောင်း မာယင်ကျိုးဟာ မတ် ၂၇ ရက်မှ ဧပြီ ၇ ရက်အထိ တရုတ်နိုင်ငံမှာ နန်ကျင်း၊ ဝူဟန်၊ ချန်ရှာ၊ ချုံကင်းနှင့် ရှန်ဟိုင်းမြို့တွေဆီလည်း သွားမယ်လို့ သူ့ရုံးက ပြောထားပါတယ်။
အခုခရီးစဥ်မှာ မာယင်ကျိုးဟာ တရုတ်နိုင်ငံ ခေါင်းဆောင်တွေနဲ့တွေ့ဆုံပွဲတွေပြုလုပ်ဖို့မဟုတ်ဘဲ ဘိုးဘေးတွေကို ဂါရဝပြုဖို့အတွက်နဲ့ လူငယ်တွေနဲ့ အပြန်လှန်စကားပြော တွေ့ဆုံပွဲတွေကို အဓိကထားပြုလုပ်သွားမှာလို့လည်း သူ့ရဲ့ရုံးက ပြောပါတယ်။
မာယင်ကျိုးက "ထိုင်ဝမ်နဲ့ တရုတ်ကြားမှာရှိတဲ့ ဆက်ဆံရေးတိုးတက်ဖို့အတွက် စိတ်အားထက်သန်တဲ့ လူငယ်တွေကြားမှာ တွေ့ဆုံပွဲတွေပြုလုပ်ပါမယ်။ ဒါကလည်း ငြိမ်းချမ်းရေး မြန်မြန်ဆန်ဆန်ရရှိစေဖို့အတွက်ပါ"လို့ တရုတ်နိုင်ငံကို ခရီးသွားကာနီးမှာ ပြောပါတယ်။
တိုင်ဝမ်နိုင်ငံခေါင်းဆောင်ဟောင်း မာယင်ကျိုးဟာ ရှန်ဟိုင်းမြိုမှာ တရုတ်နိုင်ငံ ဗဟိုအစိုးရနဲ့ ရှန်ဟိုင်းမြို့က တာဝန်ရှိသူနဲ့တွေ့ဆုံတယ်လို့ တရုတ်ဆင်ဟွာသတင်းဌာနက သတင်းထုတ်ပါတယ်။
အခုလိုတွေ့ဆုံအပေါ် လက်ရှိ ထိုင်ဝမ်သမ္မတရဲ့ ဒီမိုကရက်တစ်တိုးတက်ရေးပါတီကတော့ မာယင်ကျိုးဟာ ပေကျင်းရဲ့ ထိုင်ဝမ်အပေါ်ထားရှိတဲ့ မူဝါဒတွေကိုထောက်ခံနေပြီး နိုင်ငံတော်ကို အိုးမဲသုတ်တာလို့ စွပ်စွဲပြောဆိုထားပါတယ်။
Source - CNA
ထိုင်ဝမ်သမ္မတဟောင်း မာယင်ကျိုးဟာ အခုမတ်လနှောင်းပိုင်းမှာ တရုတ်နိုင်ငံဆီ သွားရောက်ဖို့ရှိနေတယ်လို့ သူ့ရဲ့ရုံးက မတ် ၁၉ ရက် မှာ အတည်ပြုပြောပါတယ်။
မာယင်ကျိုးဟာ မတ် ၂၇ ရက်မှ ဧပြီ ၇ ရက်အထိ တရုတ်နိုင်ငံသို့ သွားမှာဖြစ်ပြီး နန်ကျင်း၊ ဝူဟန်၊ ချန်ရှာ၊ ချုံကင်းနှင့် ရှန်ဟိုင်းမြို့တွေဆီလည်း သွားမယ်လို့ သူ့ရုံးက ပြောပါတယ်။
ရှီကျင့်ဖျင် အပါအဝင် တရုတ်အရာရှိတွေ ခေါင်းဆောင်တွေနဲ့ တွေ့မလားဆိုတာကိုတော့ မပြောခဲ့ပါဘူး။
ဒါဟာ ထိုင်ဝမ် ခေါင်းဆောင်ဟောင်းတယောက်အနေနဲ့ ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံဆီ သွားရောက်လည်ပတ်မယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။
ဒီမိုကရေစီ စနစ်ကျင့်သုံးတဲ့ထိုင်ဝမ်ကို တရုတ်ရဲ့အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် လက်ခံဖို့ တရုတ်အစိုးရက ကြိုးပမ်းရင်း စစ်ရေး နိုင်ငံရေး ဖိအားတွေပေးနေလို့ တရုတ်နဲ့ ထိုင်ဝမ် အစိုးရတွေကြား တင်းမာမှုတွေမြင့်တက် နေချိန်မှာ ခုခရီးစဉ် ထွက်ပေါ်လာတာပါ။
ထိုင်ဝမ်ရဲ့ ကူမင်တန် (KMT) အတိုက်အခံပါတီ အကြီးတန်း အဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ မာယင်ကျိုးဟာ လက်ရှိ ထိုင်ဝမ်သမ္မတ ချိုင်အင်းဝမ် ရွေးကောက် တင်မြှောက်မခံရမီ ၂၀၁၅ ခုနှစ်နှောင်းပိုင်းမှာ စင်ကာပူနိုင်ငံမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အထင်ကရ တွေ့ဆုံခဲ့ဖူးပါတယ်။
တရုတ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ရှေးယခင်ကတည်းက နှစ်သက်ခဲ့ပေမယ့် တရုတ်အစိုးရကို လိုလားသူတော့ မဟုတ်ဘူးလို့ ပြင်းပြင်းထန်ထန်ငြင်းဆိုထားတဲ့ KMT ဟာ ကိုဗစ်ရောဂါနဲ့ ပတ်သက်တဲ့ ခရီးသွားကန့်သတ်ချက်တွေကို ဖြေလျှော့ပေးပြီးတဲ့နောက် တရုတ်နဲ့ ထိုင်ဝမ်အစိုးရ တို့ကြား ထိတွေ့ဆက်ဆံမှုကို အရှိန်မြှင့်လာခဲ့ပါတယ်။
အထူးသဖြင့် လက်ရှိတင်းမာမှုတွေကြောင့် တရုတ်နိုင်ငံနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပွင့်နေဖို့ အရေးကြီးတယ်လို့ KMT ပါတီက ပြောပါတယ်။ နှစ်နိုင်ငံ ဆွေးနွေးပွဲအတွက် လက်ရှိသမ္မတ ချိုင်အင်းဝမ်ရဲ့ အကြိမ်ကြိမ် တောင်းဆိုမှုတွေကို တရုတ်အစိုးရက ငြင်းခဲ့ပါတယ်။
ထိုင်ဝမ်ပြည်သူတွေသာ သူတို့ရဲ့အနာဂတ်ကို ဆုံးဖြတ်နိုင်ပြီး တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို ငြင်းပယ်တယ်လို့ သမ္မတချိုင် က ပြောခဲ့ဖူးပါတယ်။