close

သွားလာခွင့်ပိတ်

close

August 23, 2022

မောင်တောတွင် စစ်ကောင်စီက လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေဟု အေအေ ထုတ်ပြန်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း စစ်ကောင်စီက တရွာနဲ့တရွာ သွားလာခွင့်၊ ရွာပြန်ထွက်ခွင့် ပိတ်ပင်တာဟာ ပြည်သူလူထုအား ရိက္ခာပြတ်လပ် အငတ်ဘေးဆိုက်အောင် ပြုလုပ်နေတာဖြစ်ပြီး လူသားမျိုးနွယ်များအပေါ် ပြစ်မှုကျူးလွန်နေတာလို့ ရက္ခိုင့်တပ်တော် (အေအေ) က ဩဂုတ်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

မောင်တောမြို့နယ်မှာ ကုန်လမ်း၊ ရေလမ်း၊ မြို့၊ ရွာ အဝင်အထွက်တွေကို စစ်ကောင်စီက စစ်ဆေးရေးဂိတ်တွေဖွင့်ပြီး ပြည်သူကို ခေါ်ယူစစ်ဆေးတာ၊ ဖုန်းတွေကို စစ်ဆေးတာ၊ အိမ်တွေကို ဝင်ရောက်စီးနင်းရှာဖွေကာ မတရားရိုက်နှက်ဖမ်းဆီးခေါ်ယူကာ ပုဒ်မအမျိုးမျိုးတပ်ပြီး တရားစွဲဆိုနေတာနဲ့ သေနတ်ပစ်ခတ်တာတွေဟာ  စစ်ကောင်စီက ဖြတ်လေးဖြတ်စစ်ဆင်ရေးထဲက ရိက္ခာပြတ်လပ်သွားအောင် ပြုလုပ်နေတာလို့ ဆိုပါတယ်။

အခုရက်သတ္တပတ်အတွင်း မြန်မာစစ်တပ်နဲ့ ရက္ခိုင်တပ်တော်(အေအေ) အကြား စစ်ရေးတင်းမာကာ တိုက်ပွဲတွေခပ်စိပ်စိပ်ဖြစ်ပွားလာနေတာကြောင့် တရက်ထက်တရက် တိုက်ပွဲနေရာတွေလည်း ပိုမိုကျယ်ပြန့်လာနိုင်တယ်လို့ ဆိုထားပါတယ်။

ပြည်သူများအနေနဲ့ စစ်ကောင်စီတပ်ရဲ့ နယ်ခြားစောင့်တပ်တွေ တပ်စွဲထားတဲ့နေရာတွေ၊ ဂိတ်ချထားတဲ့ စစ်ဆေးရေး နေရာတွေ၊ ပုံမှန်သွားလာနေကြတဲ့ နေရာတွေကို အရေးပေါ်ကိစ္စ၊ သေရေး ရှင်ရေးကိစ္စ၊ ကျန်းမာရေးကိစ္စတွေကလွဲပြီး မသွားလာကြဖို့ သတိပေးထားပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ စစ်ကောင်စီက ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာကြောင့် ကုန်းလမ်း၊ ရေလမ်း ပို့ဆောင်ရေးများမှာ အချိန်ကြာမြင့်ပြီး နှောင်နှေးကြန့်ကြာမှုတွေလည်း ရှိနေပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင်တပ်တော်(အေအေ)အကြား တိုက်ပွားဖြစ်ပွားမှုတွေကြောင့် ဩဂုတ်လဆန်းကတည်းက စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ထားတာပါ။

3 hours Ago

April 30, 2022

ချောင်းဦး-မုံရွာ-တန့်ဆည်-လမ်းဆုံ-ရေဦး လမ်းပိုင်းများ PDF သွားလာခွင့်ပိတ်

စစ်ကိုင်းတိုင်း၊ ချောင်းဦး-မုံရွာလမ်းပိုင်းကစပြီး တန့်ဆည်-လမ်းဆုံ-ရေဦး မြန်မာပြည်အထက်ပိုင်းလမ်းပိုင်းတွေကို ဧပြီ ၂၉ ရက်ကစပြီး PDF တွေက ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်ပါတယ်။

အိမ်စီးကား၊ ကုန်တင်ကားတွေသာမက ဘယ်သူမှအသွားအလာမလုပ်ဖို့ ကန့်သတ်တယ်လို့ ဒေသတွင်း PDF တွေက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကိုင်းတိုင်းကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်သွားမယ်လို့ ဧပြီ ၂၈ ရက် သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပြီး မြေပြင်မှာလည်း အင်အားတိုးမြှင့်လာတာကြောင့် PDF တွေက စစ်ကောင်စီ လမ်းကြောင်းတွေကို ဟန့်တားဖို့ ကြိုးစားတာဖြစ်ပါတယ်။ 

ပြည်သူတွေရဲ့ အိမ်စီးကား၊ ခရီးသည်တင်ကားတွေနဲ့ ကုန်တင်ကားတွေမှာ စစ်သားတွေ ကြားညှပ်လိုက်ပါလာလေ့ရှိတာကြောင့် PDF တွေက ကြားဖြတ်တိုက်ခိုက်ဖို့ ခက်ခဲနေတဲ့အတွက် လမ်းပိုင်းတွေကို ယာယီပိတ်ဆို့လိုက်တာဖြစ်ပါတယ်။

ရေဦးဒေသခံတစ်ဦး"စစ်ကောင်စီက လာမယ့်လအတွင်းမှာ စစ်ကိုင်းတိုင်းကို အပြတ်ချေမှုန်းမယ်ဆိုပြီးတော့ သတင်းစာရှင်းလင်းပွဲမှာ ကြားလိုက်ရတယ်။ လူငယ် PDF တွေက လမ်းပိုင်းတွေပိတ်တယ်။ ကုန်စည်စီးဆင်းမှုအနည်းငယ်ခက်ခဲတာတော့ရှိတာပေါ့။ အဲ့ဒီမှာ နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက် PDF တွေရဲ့ထုတ်ပြန်ချက်တွေကို လေးစားလိုက်နာ ဖို့လိုတယ်ဗျ။ ရလာမယ့်ကောင်းကျိုးတွေက လမ်းပန်းဆက်သွယ်ရေးမပိတ်ဘူးဆိုရင် ပြည်သူတွေရဲ့ကားတွေနဲ့ ညှပ်ညှပ်ပြီးတော့ သူတို့ပါလာတယ်။ ပါလာတဲ့သူတွေက တစ်နေရာမှာ သွားစုတယ်။ သူတို့စုသွားတဲ့နေရာတွေမှာ အိမ်တွေမီးရှို့တာတွေ လူသတ်တာတွေ ပစ္စည်းတွေ လုယက်တာတွေဖြစ်တယ်။ မြို့ရွာတွေအတော်နာတယ်ဗျ။ PDF ကလေးတွေလုပ်နေတာကို လေးစားလိုက်နာမယ်ဆိုရင် လုပ်ငန်းလုပ်ရတာပိုအဆင်ပြေမယ်။ ထိရောက်မှုအားလည်း ပိုရှိမယ်။"လို့ပြောပါတယ်။

လက်ရှိ မြေပြင်မှာ စစ်ကောင်စီက အင်အားအလုံးအရင်းအသုံးပြုပြီး မုံရွာ - မန္တလေး -မြင်းမူလမ်းနဲ့ မုံရွာ-အမြင့် လမ်းပိုင်းတွေက PDF စခန်းတွေကို တိုက်ခိုက်နေတယ်လို့ စစ်ကိုင်းဒေသခံ တစ်ယောက်က ပြောပါတယ်။ 

PDF တွေက လမ်းပိုင်းတွေ ပိတ်ဆို့တာ၊ စစ်ကောင်စီဘက်က ပိတ်ဆို့ကန့်သတ်တာတွေကြောင့် စစ်ကိုင်းတိုင်းထဲမှာ ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းလုနီးပါးဖြစ်နေပါတယ်။

ကိုမောင်မောင်ပီ (ပုလဲ)က "မြေပြင်မှာ ကြည်းတပ်အနေနဲ့ မော်တော်ကား ခြေလျင်စစ်သားအားမရှိတဲ့အခါမှာ လက်ရှိမှာ လေကြောင်းစနစ်ကိုပဲ သူတို့အားကိုးနေရတယ်။ ရဟတ်ယာဉ်တစ်စီးက ကာပစ် ပစ်ပေး။ ကျန်တဲ့အစီးတွေက လူအင်အားချ။ အဲ့ဒီနည်းနဲ့ပဲသူတို့ တိုးလို့ရတော့တယ်။  စစ်ကိုင်းတိုင်းအတွင်းမှာက လွတ်မြောက်နယ်မြေတိုးချဲ့လာတာတွေ့ရတယ်။ ကျေးရွာတွေမှာ ကိုယ်ပိုင်စီမံအုပ်ချုပ်လာကြတယ်။  လက်နက်ခဲယမ်းရော ကိုယ်ပိုင်ပြင်ဆင်ထားပြီးတော့ရှော့တိုက်ဒုန်းတွေ တာဝေးပစ်တွေပါတီထွင်လာနိုင်တာ တွေ့ရတယ်။ အဲ့ဒီအတွက် သူတို့က မဖြစ်မနေ သူတို့အတွက် ကျဆုံးခန်းကိုမြင်လာတဲ့အခါမှာ မုံရွာ - မန္တလေး -မြင်းမူလမ်းမှာ ထီးဆောင်းနဲ့ဆက်စပ်လမ်းပိုင်းတွေမှာရှိတဲ့ PDF စခန်းတွေကို ဝင်သိမ်းတာတွေရှိလာတယ်။ မုံရွာ-အမြင့်လမ်းတစ်လျှောက်မှာ သူတို့နယ်မြေစိုးမိုးတာရှိတယ်။ ခင်ဦးရေဦးဘက်တွေမှာလည်း သူတို့ရှိတယ်။ ပုလဲ- တမာပင်ခွ လမ်းခွဲတွေမှာလည်းရှိတယ်။ သူတို့ရဲ့ သူပြိုင်ကိုယ်ပြိုင်ထိုးစစ်မဟုတ်ဘဲ မဆီမဆိုင် အပြစ်မဲ့တဲ့ ပြည်သူတွေကို သတ်ဖြတ်၊ ရွာတွေကိုမီးရှို့တဲ့စနစ်ကိုပဲသုံးတယ်။ စစ်ကောင်စီက သူတို့ကျရှုံးတော့မှာ သိသိကြီးနဲ့ လေသာကျယ်နေပြီးတော့ မဲလုံးတို့အုပ်စုက သူတို့မီဒီယာတွေကနေ ဘယ်လောက်ပဲ ကြေညာနေပါစေ။ စစ်ခွေးတွေရဲ့နောက်ဆုံးသင်္ချိုင်းကတော့ စစ်ကိုင်းတိုင်းပဲဖြစ်လိမ့်မယ်။ စစ်ကိုင်းတိုင်းက လှိုက်လှဲစွာ ကြိုဆိုပါတယ်။ ထိုးစစ်ဆင်တယ်ဆိုတာ သတ်ကွင်းထဲကို အလိုအလျောက်ဝင်လာတယ်လို့ပဲ ယူဆတယ်။" လို့ ဆိုပါတယ်။

၂၀၂၂ ဇန်နဝါရီလတုန်းက အနောက်မြောက်တိုင်းစစ်ဒေသ စစ်တိုင်းမှူး ဗိုလ်ချုပ်ဖြိုးသန့်နေရာမှာ ဗိုလ်ချုပ်သန်းထိုက်ကို စစ်ကောင်စီက အစားထိုးခန့်အပ်ခဲ့ပါတယ်။ 

ဗိုလ်ချုပ်ဖြိုးသန့်ဟာ စီမံခန့်ခွဲမှုညံ့ဖျင်းပြီး တိုက်ပွဲတွေမှာ အဆုံးအရှုံးများခဲ့တဲ့အတွက် ရာထူးကနေ အဖယ်ခံခဲ့ရတာဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်မှာ PDF တွေ အင်အားကြီးထွားလာတဲ့အတွက် စစ်ကောင်စီက အနော်ရထာ စစ်ဆင်ရေးအမည်နဲ့ အကြမ်းဖက်ထိန်းချုပ်ဖို့  စစ်ဆင်ရေးအထူးအဖွဲ့မှူးတွေအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်တို့ကို ၂၀၂၁ အောက်တိုဘာလမှာ တာဝန်ပေးခဲ့ပါတယ်။ 

စစ်ကောင်စီက စစ်တိုင်းမှူးတွေ၊ စစ်ဆင်ရေးအထူးအဖွဲ့မှူးတွေနဲ့ နယ်မြေထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ပြည်သူတွေက အာဏာသိမ်းတာကို လုံးဝလက်မခံတာကြောင့် သူတို့ထင်သလို အလွယ်တကူမထိန်းချုပ်နိုင်ဖြစ်နေတာပါ။ 

Zero ပြောက်ကျားတပ်ဖွဲ့-မြင်းခြံ) အဖွဲ့ခေါင်းဆောင် ဗိုလ် Zeroက "ကျနော်တို့ကလည်း သူတို့လာရင် အရင်တုန်းကပုံစံမျိုး လက်မခံတော့ဘူး။ တပ်ဖွဲ့အားလုံးက ရောက်တဲ့နေရာမှာ ကြားတာနဲ့ ချမှာပဲ။ အားလုံးကလည်း တညီတညွတ်တည်းဖြစ်နေပြီ။ စစ်ကိုင်းတိုင်းတစ်ခုလုံးနဲ့ ကျနော်တို့ဘက်ကလည်း ပိုမိုပြင်းထန်တဲ့အရှိန်နဲ့တိုက်ခိုက်ဖို့ ကျနော်တို့ လုပ်နေကြပါပြီ။ ကျနော်တို့ ထိုးစစ်တွေဆင်နေပါပြီ။ အခုတော့ရွေ့လျားထိုးစစ်ပေါ့။ နောက်ဆို စခန်းသေထိုးစစ်တွေကိုလည်းစမှာပါ။ မဟာမိတ်တွေဆီမှာ လက်နက်ကြီးတွေလည်း ထိုက်သင့်သလောက်ရှိနေပါပြီ။ သူတို့တင်းသလို ကျနော်တို့ ဘက်ကလည်း တင်းတော့မှာပါ။ သူတို့က စစ်ရေးမှာမသာဘူးဗျ။ လက်နက်အင်အားသာတာပဲရှိတယ်။ ကျနော်တို့ ပစ်တာနဲ့သူတို့ပြေးတာပဲ တောက်လျှောက်ပြေးတာပဲ။" 

အနောက်မြောက်တိုင်းစစ်ဒေသမှာ စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကြောင့် သိန်းနဲ့ချီတဲ့ ပြည်သူတွေ ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။ 

စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားအားလုံးပျက်စီးလုနီးပါးဖြစ်နေပြီး အာဏာသိမ်းပြီးချိန် တနှစ်ကျော်အကြာမှာ ဒေသတွင်း PDF တွေက ပြန်လည်ဖိအားပေးနိုင်တဲ့ အခြေအနေကို ရောက်လာပါတယ်။ 

PDF တွေက စစ်ရေးအရအသာစီးရတယ်ဆိုပေမယ့် စစ်ကောင်စီရဲ့ ဘက်ပေါင်းစုံ ဖိအားပေးမှုတွေကြောင့် ဒေသတွင်းပြည်သူတွေဟာ စားဝတ်နေရေးကျပ်တည်းနေကြပါတယ်။ 

4 months Ago
Up