close

သွေးရောင်နှင်း

close

July 2, 2022

သွေးရောင်နှင်းနှင့် ရာသီဥတုပြောင်းလဲမှု သိပ္ပံပညာရှင်များ စစ်ဆေး

သွေးရောင်နှင်းတွေနဲ့ ရာသီဥတု ပြောင်းလဲမှုကြားက ဆက်နွှယ် ပတ်သက်မှုကို သိပ္ပံပညာရှင်တွေက စစ်ဆေး နေကြပါတယ်။

ပြင်သစ်နိုင်ငံ အဲ့လ်ပ်စ်တောင်တန်းပေါ်က လော့တာရတ်ဒေသ နှင်းဖုံးတောင်စောင်းပေါ်မှာ နွေရာသီအစောပိုင်းမှာ ကျရောက်တဲ့ သွေးနှင်းတွေ ပိုပိုပြီး ထင်ရှားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီသွေးနှင်းတွေကို စမ်းသပ်ဖန်ပြွန်ထဲမှာ စမ်းသပ်ချိန်မှာ သွေးနှင်းလို့ ခေါ်တဲ့ ရေညှိတမျိုးကို တွေ့ရတာပါ။

ဂရီနိုဘယ်သိပ္ပံသုတေသနဌာန  သုတေသနညွှန်မှူး အဲရစ်ခ် မာရေချယ်က “ ဒီရေညှိဟာ နှင်းကျချိန်မှာ သူ့ကိုယ်သူ ကာကွယ်ဖို့ နေလောင်ကာဆေးလို ရောင်ခြယ်ပစ္စည်းတွေကို ထုတ်တယ်။ အခြေခံကအစိမ်းရောင်ဖြစ်ပေမဲ့ အနီရောင်ရောင်ခြယ်ပစ္စည်းတွေနောက်မှာ ပုန်းနေတတ်တယ်”လို့ ပြောပါတယ်။

မာရေချယ်နဲ့ သူ့အဖွဲ့ဟာ ဇွန် ၁၃ ရက်က လေဘရေဗန့်တောင်ပေါ်မှာ ဓာတ်ခွဲခန်းအတွက် နမူနာတွေကို စုဆောင်းနေခဲ့ကြပြီး သူတို့ဝန်းကျင်မှာတော့ အနီရောင်နှင်းတွေ နေရောင်ထဲမှာ လင်းနေတာကို မြင်ရပါတယ်။

ရေညှိတွေကို ခရစ်တော် မပေါ်မီ ဘီစီ ၃ ရာစုနှစ်က အရစ္စတိုတယ်က ပထမဆုံး ရည်ညွှန်းဖော်ပြ ခဲ့ပေမဲ့  ၂၀၁၉ မှာမှ တရားဝင် ဖော်ထုတ်ပြီး လက်တင်နာမည်အနေနဲ့ စန်ဂွေနာ နီဗာလွိုက်ဒ်ဒက်စ် လို့ နာမည်ပေးခဲ့ပါတယ်။

မျိုးဗီဇအင်ဂျင်နီယာ သုတေသီ အယ်လ်ဘာတို အာမာတိုက “ပိုပူနွေးလာတာနဲ့အမျှ ရေညှိတွေ ပိုများလာတယ်။ နှင်းတွေ ပိုမြန်မြန် အရည်ပျော်လာတယ်။ ဒါဟာ ရက်စက်တဲ့ သံသရာပဲ။ ကျနော်တို့က ဒါနဲ့ ပတ်သက်လို့ တခုခု လုပ်ဖို့ ကြိုးစားနိုင်ရေးအတွက် ဒီသံသရာကို နားလည်ဖို့ လုပ်ငန်းစဉ် အားလုံးကို နားလည်ဖို့ ကြိုးစားနေတယ်”လို့ ပြောပါတယ်။

ရာသီဥတု ပြောင်းလဲမှုကြောင့် လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ဓာတ်ငွေ့ ပိုမြင့်လာလို့ ရေညှိကို အားပေးတဲ့အတွက် ရေညှိပမာဏ ပိုများလာနေတယ်လို့ လူအများအပြားက ထင်ကြေးပေးနေကြတာပါ။

ရေညှိ ရောင်ခြည်ပစ္စည်းတွေက နေအပူရှိန်ကို အလင်းပြန်နိုင်စွမ်း ကျဆင်းလာလို့ ရေညှိတွေ ရှိနေရင် နှင်းတွေ အရည်ပျော်နှုန်းပိုမြန်လာတတ်ပါတယ်။

ကမ္ဘာ့အပူချိန်တိုးလာတာက အဲ့လ်ပ်စ်တောင်တန်းဒေသကို အပြင်းအထန် ရိုက်ခတ်လာနေလို့ နှင်းထုပမာဏ လျော့ကျနေချိန်မှာ အင်မတန် နောက်ကျမသွားခင် ပိုကောင်းကောင်း နားလည်ဖို့ သိပ္ပံပညာရှင်တွေ ကြိုးစားနေကြပါတယ်။

24 seconds Ago
Up