မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ မဟာအရှေ့ရပ်ကွက်မှာနေထိုင်တဲ့ အန်အယ်လ်ဒီပါတီ ထောက်ခံအားပေးသူ ကိုလင်းကိုနိုင်ရဲ့နေအိမ်ကို မေလ ၂၆ ရက် ည ၈ နာရီလောက်က သွေးသောက်အဖွဲ့က လာရောက်ရိုက်နှက်ဖမ်းဆီးသွားပြီး မနက်မှာအလောင်းလာ ပစ်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သေဆုံးသွားသူ ကိုလင်းကိုနိုင်ဟာ အသက် ၃၅ နှစ်ဝန်းကျင်ရှိပြီး သူ့ရဲ့ရုပ်အလောင်းကို ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက် ၂၆ လမ်း ၂၇လမ်းကြား ၅၄လမ်းဘေးမှာ မေလ ၂၇ ရက် မနက် ၇ နာရီလောက်က သေနတ်ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
"အရပ်ဝတ်တွေနဲ့ လာဖမ်းသွားတာ။ အဒေါ်ဖြစ်သူက မဖမ်းဖို့တောင်းပန်တာကို ပါးတွေရိုက်ပြီး ခြေထောက်တွေနဲ့ ကန်သွားတယ်တဲ့။ ဒီနေ့ မနက်ရောက်တေ့ာ အလောင်းကို ချမ်းအေးသာစံ မြို့နယ်ထဲမှာ လာပစ် သွားတယ်။ နဖူးမှာ သေနတ်ကျည်ရာတွေနဲ့ ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကိုလင်းကိုနိုင်ကို သွေးသောက်လူသတ်အကြမ်းဖက်အဖွဲ့က ဘာကြောင့် ဖမ်းဆီးသတ်ဖြတ်ခဲ့တယ် ဆိုတာကိုတော့ အသေးစိတ်မသိရသေးပါဘူး။
သွေးသောက်အဖွဲ့ဟာ မန္တလေးနဲ့ ရန်ကုန်မှာ လူသတ်မှုတွေကျူးလွန်နေတဲ့ အဖွဲ့ဖြစ်ပြီး အန်အယ်လ်ဒီပါတီဝင်တွေ၊ ထောက်ခံဝန်းရံသူတွေကို ပစ်မှတ်ထားပြီး လိုက်လံသတ်ဖြတ်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကတော့ သွေးသောက်အဖွဲ့ဟာ သူတို့ဖွဲ့စည်းပေးထားတဲ့အဖွဲ့ မဟုတ်ဘူးလို့ ပြောနေပေမဲ့ အဆိုပါ လူသတ်မှုတွေကို ဖမ်းဆီးအရေးယူတာလည်း တကြိမ်မှ မရှိပါဘူး။
ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ မေ ၈ ရက်ည ၁၁ နာရီလောက်က သွေးသောက်လူသတ်အဖွဲ့က ဧည့်စာရင်း စစ်မယ်လို့ပြောဆိုကာ ဒေသခံပြည်သူတယောက်ရဲ့နေအိမ်ကို ဝင်ပြီး သေနတ်နဲ့ ပစ်ခတ်သွားသလို လွှတ်တော်ကိုယ်စားလှယ်တယောက်ရဲ့ နေအိမ်ကိုလည်း ခြိမ်းခြောက်စာ ကပ်သွားပါတယ်။
အမှတ် ၉ ရပ်ကွက်မှာ နေထိုင်တဲ့ ကိုဇော်ဝင်းမြင့်နေအိမ်ကို ဆိုင်ကယ် ၂ စီးနဲ့ လူ ၄ ယောက်ရောက်ပြီး အိမ်ရှေ့ကနေ ဧည့်စာရင်းစစ်မယ်ပြောလို့ တံခါးဖွင့်ပေးချိန်မှာ သေနတ်နဲ့ပစ်သွားတာဖြစ်ပြီး အိပ်နေလိုက်တာကြောင့် လက်မောင်းကိုသာ ထိမှန်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ဧည့်စာရင်း လာစစ်တယ်ကြားလို့ အိမ်ပိုင်ရှင်က တံခါးဖွင့်ပေးတဲ့အချိန်မှာ ပစ်သွားတာ။ ကိုဇော်ဝင်းမြင့်က အိပ်နေတော့ လက်မောင်းကို ထိသွားတာ။ ပစ်တာက သူ့ကို သေချာပစ်တာ။ ပြီးတော့ စာတွေလည်း ကပ်သွားတယ်။ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံး နေအိမ်ကိုလည်း စာကပ်သွားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
ကိုဇော်ဝင်းမြင့်ကို သေနတ်နဲ့ပစ်သွားပြီးနောက်ပိုင်း ဆိုင်ကယ် ၂ စီးနဲ့ လူ ၄ ဦးက ခြံရှေ့မှာ “မအူပင် သွေးသောက်” အဖွဲ့ဆိုတဲ့ စာပါတဲ့ သတိပေးစာကို ချသွားပြီး မအူပင်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးရဲ့ အိမ်ရှေ့မှာလည်း “နင် အေးဆေးနေ မနေရင် နင့်မိသားစုကို နင်ပြန်သတ်တာပဲ” ဆိုတဲ့ ခြိမ်းခြောက်စာချသွားတယ်လို့ ဆိုပါတယ်။
မအူပင်မြို့မှာ မေလ ၄ ရက် ညပိုင်းကလည်း NLD ပါတီရဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအိမ်ကို သွေးသောက်အဖွဲ့က လာရောက်မီးရှို့ခဲ့ပါတယ်။
မီးရှို့တဲ့အချိန်မှာ ပတ်ဝန်းကျင်က မီးငြှိမ်းသတ်ခဲ့တာကြောင့် အိမ်မလောင်ခဲ့ပေမယ့် လာလုပ်တဲ့ သူတွေက အာဏာသိမ်းစစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့ကို သတင်းပေးပြီး ပေါင်းနေတဲ့သူတွေဖြစ်တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
သွေးသောက်လူသတ်အဖွဲ့ဟာ ရန်ကုန်နဲ့ မန္တလေးမှာလည်း အန်အယ်လ်ဒီပါတီဝင်တွေနဲ့ ထောက်ခံသူတွေကို ပစ်မှတ်ထားပြီး လိုက်လံသတ်ဖြတ်နေတဲ့ အဖွဲ့ဖြစ်ပြီး စစ်ကောင်စီက သူတို့ဖွဲ့ပေးထားတဲ့အဖွဲ့မဟုတ်ဘူးလို့ ငြင်းဆိုထားပေမဲ့ လူသတ်သမားတွေကို ဖမ်းဆီး အရေးယူတာလည်း မရှိပါဘူး။