close

ဟင်းသီးဟင်းရွက်

close

June 10, 2022

ရခိုင်ပြည်နယ်သို့ တခြားဒေသမှ ဟင်းသီးဟင်းရွက်များ တင်သွင်းနေရ

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အကျိုးဆက်အဖြစ် စိုက်ပျိုးမှုကျဆင်းသွားပြီး ကွမ်းရွက်အပါအဝင် ဟင်းသီးဟင်းရွက်တွေ  တခြားဒေသတွေကနေ  တင်သွင်းနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တော စတဲ့မြို့နယ်တွေမှာ ဆောင်းသီးနှံကို အဓိကစိုက်ပျိုးကြပြီး ခရမ်း၊ အာလူး၊ ငရုတ်၊ သခွါး၊ မြေပဲ၊ မုံညင်း၊ ဖရဲ၊ ဂေါ်ဖီ၊ မတ်ပဲ စတာတွေကို အဓိကထား စိုက်ပျိုးနိုင်ခဲ့ပေမဲ့ အေအေနဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ်ပွါးပြီးနောက်ပိုင်း စိုက်ပျိုးမှုကျဆင်းသွားခဲ့လို့ လက်ရှိမှာ ပြည်မကနေ တင်သွင်းလာတဲ့ ဟင်းသီးဟင်းရွက်တွေကိုသာ ရခိုင်ပြည်သူတွေ မှီခိုနေကြရတာလည်း ဖြစ်ပါတယ်။

မြောက်ဦးဒေသခံတဦးက "အရင်ကဆိုရင် ကျနော်တို့ ရခိုင်ဒေသကထွက်တဲ့ စားပင်သီးနှံတွေ စိုက်ပျိုးကြတဲ့ တောင်သူအများစုက စစ်ဘေးရှောင်နေကြရတော့ လက်ရှိမှာ ပြည်မကတင်သွင်းလာတဲ့ သီးနှံတွေကိုသာ ဝယ်စားနေကြရတယ်" လို့ ပြောပါတယ်။

မောင်တောဒေသမှာ ၂၀၁၇ အကြမ်းဖက်ဖြစ်စဥ်ကြောင့် ဒေသခံမွတ်ဆလင် ၆ သိန်းနီးပါး ထွက်ပြေးကြပြီးနောက်မှာ ဟင်းသီးဟင်းရွက်အများစုနဲ့ ကွမ်းရွက်ကိုပါ ပြည်မကနေ တင်သွင်းနေကြရတယ်လို့ မောင်တောဒေသခံ စျေးသည်တဦးက ပြောပါတယ်။

"အရင်ကဆို ကျနော်တို့ မောင်တောဒေသကထွက်တဲ့ ကွမ်းရွက်တွေက စျေးကလည်း သက်သာတယ်။ ၂၀၁၇ အကြမ်းဖက်မှုဖြစ်ပြီး ဒေသခံမွတ်ဆလင်တွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားကြတော့ ကွမ်းရွက်စိုက်ပျိုးမှု ကျဆင်းသွားတယ်။ အခုက ပြည်မကနေ တင်သွင်းလာတဲ့ ကွမ်းရွက်တွေကို စျေးကြီးပေးပြီး ဝယ်နေကြရတယ်။”

ရခိုင်ပြည်နယ်မှာ မြန်မ်ာစစ်တပ်နဲ့ ရက္ခိုင်တပ်တော်တို့ ၂ နှစ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံတချို့ စစ်ဘေးရှောင်နေရကာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က လယ်မြေဧက ၁၂ သိန်းထဲက ဧက ၈ သိန်းကျော်သာ ထွန်ယက်စိုက်ပျိုးနိုင်ခဲ့တယ်လို့ ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ကျေးလက်နေပြည်သူ ၇၅ ရာခိုင်နှုန်းမှာ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး စိုက်ပျိုးရေးကို အခြေခံတဲ့ ပြည်နယ်တခုအဖြစ် ထင်ရှားခဲ့ပါတယ်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂရဲ့ စာရင်းအရ တပြည်နယ်လုံးမှာ စိုက်ပျိုးရေးဧက ၁၂ သိန်းခွဲကျော်ရှိပြီး အဲဒီထဲမှာ ဆောင်းသီးနှံစိုက်ပျိုးတဲ့ဧက ၅၄၂,၀၀၀ ကျော်ရှိကြောင်း သိရပါတယ်။

လက်ရှိ ဆောင်းသီးနှံစိုက်ပျိုးတဲ့ဧကမှာ တပြည်နယ်လုံး အတိုင်းအတာအရ ၆၀ ရာခိုင်နှုန်းအထိ လျော့ကျသွားကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ သိရပါတယ်။

ဓာတ်ပုံ= မောင်တောဒေသသို့ တင်သွင်းလာတဲ့ ပြည်မ ကွမ်းရွက် များအား အငူမှော်ဆိပ်ကမ်းတွင်တွေ့ရစဥ်။

5 mins Ago

February 18, 2021

မန္တလေး မီးရထားဝန်ထမ်းများအတွက် ဟင်းသီးဟင်းရွက်များ လှူဒါန်း

မန္တလေးမြို့၊ ၇၇ လမ်း၊ ၂၉ လမ်းနဲ့ လမ်း ၃၀ အကြားရှိ  မီးရထားဝန်ထမ်းတိုက်တန်းမှာ  CDM လုပ်ဆောင်နေတဲ့ မီးရထားဝန်ထမ်းတွေအတွက် ဟင်းသီးဟင်းရွက် အလှူပြုလုပ်ခဲ့တယ်လို့ ဦးဆောင်သူတစ်ဦးက ပြောပါတယ်။

မန္တလေးမြို့ အနီးတစ်ဝိုက်မှာ နေထိုင်တဲ့ အလှူရှင် တချို့က ငွေကျပ် ၅ သန်းလောက် တန်ဖိုးရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို ဝယ်ယူလှူဒါန်းပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးမြို့က မီးရထားဝန်ထမ်းအားလုံး နီးပါးဟာ အလုပ်မဆင်းဘဲ အာဏာဖီဆန်တဲ့ (CDM) လှုပ်ရှားမှုမှာ ပါဝင် လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။

နောက်ရက်တွေမှာလည်း CDM လုပ်ဆောင်တဲ့ တခြားဝန်ထမ်းမိသားစုတွေအတွက် ဟင်းသီးဟင်းရွက်လှူဒါန်းတာတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဦးဆောင်သူ တစ်ဦးက ပြောပါတယ်။

ထိန်ထိန်လင်း

1 year Ago
Up