မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ဟင်္သာကျေးရွာမှာ သြဂုတ် ၂၂ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်က လူငယ် ၅ ယောက်ကို ပစ်ခတ်ပစ်ဆီးတာကြောင့် လူငယ်တစ်ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဟင်္သာရွာမှာ မနေ့ညနေပိုင်းက စစ်ကောင်စီခန့် ဒလန်အုပ်ချုပ်ရေးမှူး အောင်နိုင်မိုးက မမှန်သတင်းပေးပြီး လှမ်းခေါ်တဲ့အတွက် စစ်ကောင်စီတပ်အင်အား ၂၀ လောက်ဟာ လူမှုကူညီရေးကားတွေ၊ အိမ်စီးကားတွေနဲ့ ရောက်လာပြီး ပစ်ခတ်ဖမ်းဆီးတာကြောင့် ကိုချစ်ရဲရင့် သေဆုံးသွားတယ်လို့ ရွာခံတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ကိုချစ်ရဲရင့် ခြေထောက်ကို သေနတ်ကျည်ထိမှန်တယ်လို့ ထင်ခဲ့ပေမယ့် ဆေးရုံကို စုံစမ်းတော့မှ နဖူးကို ကျည်ဆန်ထိမှန်ပြီး သေဆုံးသွားတာ သိရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေ ရွာထဲကို ဝင်ရောက်ပြီး သေနတ်တွေ ဆက်တိုက်ပစ်ဖောက်တာကြောင့် ဒေသခံရွာသားတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
မကွေးတိုင်းဒေသကြီး ဟင်္သာကျေးရွာမှာ မေ ၂၉ ရက်နေ့ မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ အဖွဲ့တွေ ဝင်ရောက်မွှေနှောက်ပြီး ပစ္စည်းတွေကို ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒလန်အုပ်ချုပ်ရေးမှူးက ရွာမှာ လက်နက်တွေရှိတယ်ဆိုပြီး တိုင်ကြားတာကြောင့် အကြမ်းဖက်စစ်သူပုန်ကား ၅ စီး အင်အား ၅၀ လောက်နဲ့ ရောက်လာပြီးတော့ NLD ပါတီဝင်တွေရဲ့ နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ပြီးတော့ ပစ္စည်းတွေကို ရိုက်ချိုးဖျက်ဆီးသွားတယ်လို့ ဒေသခံတစ်ယောက်က DVB ကိုပြောပါတယ်။
ရွာထဲမှာ သေနတ်တွေပစ်ဖောက်ပြီးတော့ အော်ဟစ်ဆဲဆို သောင်းကျန်းတာကြောင့် ရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဒလန်အုပ်ချုပ်ရေးမှူးနဲ့ ပေါင်းပြီးတော့ NLD ပါတီဝင်တစ်ယောက်ရဲ့နေအိမ်မှာ သူတို့ပါလာတဲ့ လက်နက်တွေကိုချပြီးတော့ ဓာတ်ပုံရိုက်ပြီးယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။