ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ EPC ရုံးမှာ အောက်တိုဘာ ၂၈ ရက် ည ၈ နာရီခွဲ ဝန်းကျင်လောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေထံက သိရှိရပါတယ်။
ဟင်္သာတ EPC ရုံးမှာ အခုရက်ပိုင်း လျှပ်စစ်မီတာခ သွားရောက်ပြီး ပေးဆောင်သူ များနေကြောင်း သိရပြီး ပေါက်ကွဲချိန်ဟာ ညဘက်ဖြစ်တာကြောင့် လူတွေ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတော့ မကြားသိရပါပါဘူး။
ဟင်္သာတမြို့ခံတဦးက "လျှပ်စစ်ရုံးဘက် ဗုံးကွဲတယ်ကြားတယ်။ အခုက စစ်တပ်နဲ့ရဲရောက်ပြီးစစ်ဆေးတာတွေလုပ်နေတယ်"လို့ ပြောပါတယ်။
ဟင်္သာတမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ရုံး (EPC)ဟာ ပြည်သူလူထုအား မတရားမီတာခ ဆောင်ခိုင်းတာ၊ မီးဖြတ်တာတွေပြုလုပ်နေတဲ့အတွက် ဗုံး ခွဲတိုက်ခိုက်ခဲ့တာလို့ ဟင်္သာတခရိုင်မြို့ပြ ပြောက်ကျားတပ်(HSGF) ကြေညာပါတယ်။
စစ်ကောင်စီထောက်တိုင်တွေကို တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်အုပ်စုနဲ့ နီးစပ်ရာနေရာတွေကို မသွားလာကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
ဧရာ၀တီတိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက စစ်ကောင်စီရဲ့ ရဲနဲ့ စစ်တပ်လှည့်ကင်းကားတွေကို တိုက်ခိုက်တာ၊ သတင်းပေးဒလန်တွေကို ရှင်းလင်းတာနဲ့ စစ်တပ်ပိုင် Mytel တာဝါတိုင်တွေ ဗုံးခွဲတိုက်ခိုက်တာတွေကို တိုးမြင့် လုပ်ဆောင် နေတယ်လို့ သိရပါတယ်။