ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရေကြီးမှုကြောင့် မြန်မာဆောက်လုပ်ရေးလုပ်သား ၆၀ ကျော် ရေဘေးသင့်ပြီး စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေကြရပါတယ်။
ဒီဇင်ဘာ ၁၈ မှ ၂၀ ထိ ၃ ရက်တာ ရေကြီးမှုကြောင့် ဟတ်ယိုင်မြို့ နားမွန်းရပ်ကွက် ချိုတီဝပ်တနင်္ဂနွေဈေးအနောက်ဘက်ကဆောက်လုပ်ရေးအလုပ်သမား တန်းလျားမှာ ရေခဲသေတ္တာ ၊ ပန်ကာ၊ စောင်၊ အဝတ်အစား၊ အိုးခွက်ပန်းကန်တွေ အကုန်မျောပါသွားကြောင်း၊ ရေပြန်ကျသွားတော့ အစစအရာရာ တစ်ကနေပြန်စနေရကာ ဒီကြားထဲအလုပ်မလုပ်ရတော့ ငွေကြေးအခက်အခဲ လည်းရှိနေတယ်လို့ ရေဘေး သင့်အလုပ်သမားတွေ သွားရောက်ကူညီနေတဲ့ ဟတ်ယိုင်မြို့ IBEC SWO လူမှုကူညီရေးအသင်းမှ ကိုသားကြီးက ဒီဗွီဘီကို ပြောပါတယ်။
“အခုတော့ ရေပြန်ကျသွားပြီခင်ဗျ။ ဒါပေမဲ့ သူတို့အသုံးအဆောင်ပစ္စည်း အဝတ်အစားတွေရော အကုန်ရေထဲပါသွားတာ၊ ရေခဲသေတ္တာတောင်မှ ဟိုးခြံစည်းရိုးနား ထိမျောသွားတာ၊ ဘာမှမကျန်တော့ အစစအရာရာလိုအပ်ပါတယ်၊ ထိုင်းလူမှုရေးအဖွဲ့ လည်းကူညီတယ်၊ ဒါပေမဲ့ ထိထိရောက်ရောက်တော့မရှိဘူးပေါ့။ ကျနော်တို့မြန်မာ အလုပ်သမားအချင်းချင်းက ဝိုင်းပြီးကူညီကြရတာပေါ့။”
ထိုင်းတောင်ပိုင်း ခရိုင်တွေမှာ ခုရက်ပိုင်းတွင်း အခါမဲ့မိုးသည်းထန်စွာရွာ သွန်းတာ ကြောင့်ရေကြီးမှုပြဿနာနဲ့ ကြုံတွေ့နေရပါတယ်၊ တောင်ပိုင်းမှာလည်း မြန်မာအလုပ်သမားတွေ များစွာဝင်ရောက်လုပ်ကိုင်နေတာကြောင့် ရေဘေးသင့်သူတွေလည်းရှိနိုင်တယ်လို့ ဆိုပါတယ်။
IBEC SWO လူမှု ကူညီရေးအသင်းမှအနေနဲ့တော့ လက်လှမ်းမီသလောက်သာ ကူညီနိုင်ကြောင်း ၊ ထိုင်းနိုင်ငံရောက်မြန်မာတွေအနေနဲ့ ရေဘေးသင့်မြန်မာလုပ်သားတွေကို ကူညီလိုပါက ဖုန်းနံပါတ် ၀၉ ၅၀၇၉၅၄၁၉ ကို ဆက်သွယ်ကူညီနိုင်တယ်လို့ ဆိုပါတယ်။
ဆုန်ခလာခရိုင်မှာ မြို့နယ်ပေါင်း ၅ မြို့နယ်၊ ၁၁၃ ရပ်ကွက်၊ ၇၆၄ ရွာက အိမ်ထောင်စုပေါင်း ၆၅၁၁၂ စုရေဘေးသင့်ခဲ့ပြီး သေဆုံးသူ ၂ ဦးရှိတယ်လို့ ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ ကူညီရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းတောင်ပိုင်း ခရိုင်ပေါင်း ၉ ခုမှာ ရေကြီးရေလျှံမှုဖြစ်ပွါးခဲ့ပြီး တချို့နေရာမှာ ရေပြန်ကျသွားပေမယ့် ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်အထိ ခရိုင် ၆ ခုမှာ ရေပြန်ကြီးနေပါတယ်။
ရေကြီးနေတဲ့ ခရိုင်တွေကတော့ နခွန်းဆီထမရတ်၊ ဖတ်ထလုန်း၊ ဆုန်ခလာ၊ ပတ္တနီ၊ ယာ့လားနဲ့ နရာသီဝပ်တို့ဖြစ်ပြီး မြို့နယ်ပေါင်း ၄၂ မြို့နယ်၊ ၂၅၅ ရပ်ကွက်၊ ၁၄၈၅ ရွာက အိမ်ထောင်စုပေါင်း ၁၅၅၅၅၂ စု ရေဘေးသင့်နေတယ်လို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ ကူညီရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့နယ်၊ ဘန့်ဖလုအုပ်စုရှိ တောထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက သတ်ဖြတ်ပြီးမြေမြှုပ်ခံထားရတဲ့ ထိုင်းအမျိုးသား ၁ ဦးအလောင်းကို တွေ့ရှိပြီးတဲ့နောက် အဲဒီနေရာ အနီးတဝိုက်ကို တာဝန်ရှိသူတွေက တောနင်းပြီး လူသတ်သမားကို ရှာဖွေရာမှာ ဇွန်လ ၁ ရက်ညက တရားမဝင်မြန်မာ ၁၉ ဦး နဲ့ ထိုင်းပွဲစား ၂ ဦးကို ဖမ်းဆီးမိပြီး စစ်ဆေးနေပါတယ်။
ဇွန်လ ၂ ရက်နေ့မှာလည်း အဆိုပါတောစပ်နားက ဘန့်ခလောင်းပွမ်ရွာထဲမှာ ယောင်လည် လည်နဲ့ ရောက်လာတဲ့ မသင်္ကာတဲ့ လူစိမ်း ၁ ယောက်ကိုလည်း ဖမ်းထားပါတယ်။
တာဝန်ရှိသူတွေက အဆိုပါတောအုပ်ကို ပိတ်ဆို့ပြီး တနေကုန်ဆက်လက်ရှာဖွေရာမှာ လူသေမြှုပ်ထားတဲ့နေရာနဲ့ မနီးမဝေးမှာ မြန်မာစာနဲ့ “ ဓားပြတိုက်သည်” လို့ ထွင်းထုထားတဲ့ သစ် တုံးကြီးတစ်တုံးကိုလည်း တွေ့ခဲ့ပါတယ်။
ဒါကြောင့် အဲဒီတောဟာ လူမှောင်ခိုတွေ ခိုအောင်းသွားလာလေ့ရှိတဲ့ နေရာဖြစ်သလို ဓားပြမှုတွေလည်း ရှိတဲ့အတွက် မြန်မာအချင်းချင်း သတိပေးတဲ့အနေနဲ့ သစ်တုံးမှာ စာထွင်းထုထားဟန်တူတယ်လို့ တာဝန်ရှိသူတွေက သုံးသပ်ပါတယ်။
ဒါ့အပြင် နောက်ထပ် ၆ ကီလိုမီတာခန့်အကွာမှာ ပွဲစားက လာပြီးစွန့်ပစ်ထားတယ်လို့ ယူဆရတဲ့ တရားမဝင်မြန်မာ အမျိုးသမီးရော အမျိုးသားပါ နောက်ထပ် ၄၈ ဦးကို ဖမ်းဆီး ရမိခဲ့ပါတယ်။
ဒါတင်မကသေးဘဲ တာဝန်ရှိသူတွေက ဘန့်ဖလုကျေးရွာအုပ်စုထဲမှာ ရှာဖွေစစ်ဆေးရေးတွေ ဆက်လက်လုပ်ဆောင်ရာမှာ ရပ်ကွက် ၈ တွင်းရှိ နေအိမ် ၂ လုံး အခန်းပေါင်း ၁၂ ခန်းမှာ ပုန်းအောင်းခိုလှုံနေတဲ့ နောက်ထပ် မြန်မာအလုပ်သမားစုစုပေါင်း ၁၀၉ ဦးကို တွေ့ရှိတယ်လို့ ဆိုပါ တယ်။
သူတို့ထဲမှာ အလောင်းတွေ့တဲ့ တောထဲနေခဲ့ဖူးသူတွေလည်းပါလို့ အဆိုပါသူတွေကို ခွဲထုတ်ပြီး လူသတ်မှုနဲ့ ပတ်သက်မှုရှိမရှိ ဆက်လက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
အသတ်ခံရသူရဲ့ တယ်လီဖုံးမှာ ပျောက်ဆုံးနေတဲ့အတွက် ဖမ်းဆီးထားသူတွေရဲ့ တယ်လီဖုံးနဲ့ ဒီအန်အေတွေကို အဓိက စစ်ဆေးရှာဖွေနေတာဖြစ်ပါတယ်။
ဒီဒေသမှာ ၂ ရက်အတွင်း တရားမဝင် မြန်မာလုပ်သား ၁၇၇ ဦး အဖမ်းခံထားရပြီး သူတို့ဟာ မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ လာခေါ်မယ့်ပွဲစားကို စောင့်ဆိုင်းရင်း အဖမ်းခံကြရတာဖြစ်ပါတယ်။
အသတ်ခံရသူကတော့ အသက် ၄၀ ရွယ်ရှိ မက်ဒေါဘီဆန် ဆိုသူ လျှပ်စစ်ရုံး အလုပ်သမား ၁ ဦးဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၃၁ ရက် ညနေ ၃ နာရီကျော်လောက်က သူစီးသွားတဲ့ဆိုင်ကယ်နဲ့အတူ ပျောက်ဆုံးသွားခဲ့တာပါ။
ဇွန် ၁ ရက်မှာ သူ့ဆိုင်ကယ်ကို ဂေါက်ကွင်းအနီးက ရေကန်ထဲမှာတွေ့လို့ ကယ်ဆယ်ရေးအဖွဲ့က ရေထဲလိုက်ရှာခဲ့ကြပါသေးတယ်။ အဲဒီနောက် ဂေါက်ကွင်းအနောက်ဘက် တောစပ်မှာ မြေပုံတစ်ခုတွေ့လို့ တူးဖော်ကြည့်ရာက မက်ဒေါဘီဆန်ကို ခြေရောလက်ပါကြိုးတုပ်၊ တကိုယ်လုံး ရိုက်နှက်ခံထားရတဲ့ အလောင်းအနေနဲ့ပြန်တွေ့ခဲ့ပါတယ်။
ဘန့်ဖလုကျေးရွာအုပ်ချုပ်ရေးမှူးကတော့ မက်ဒေါဘီဆန်ဟာ လူကောင်းတယောက်ဖြစ်ပြီး ဘယ်သူနဲ့မှပြဿနာမရှိ ခိုက်ရန်ဖြစ်ပွါးတာလည်း မရှိကြောင်း ၊ သူဟာ တောထဲဖြတ်သွားရင်း တရားမဝင်ခိုးဝင်လာသူတွေနဲ့ တိုးမိလို့ နှုတ်ပိတ်တဲ့အနေနဲ့ အသတ်ခံလိုက်ရတာဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုပါတယ်။