ဗီယက်နမ်နိုင်ငံပိုင် ဗီယက်နမ်လေကြောင်းလိုင်းဟာ မြို့တော်ဟနွိုင်းကနေ ရုရှားမြို့တော် မော်စကိုဆီ လေယာဉ်ပြေးဆွဲမှုကို မတ်လ ၂၅ ရက်ကနေ နောက်ထပ် ကြေညာချက် မထုတ်မချင်း ဆိုင်းငံ့ထားမယ်လို့ အစိုးရပိုင် ဗီယက်နမ်နယူးစ် သတင်းဌာန VNA က မတ် ၂၃ ရက်မှာ ကြေညာပါတယ်။
ရုရှားနိုင်ငံအတွင်းက လေကြောင်းစစ်ဆင်ရေးတွေနဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေ၊ စည်းမျဉ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေကို သုံးသပ်ဖို့ ဆိုင်းငံ့တာလို့ VNA က ထုတ်ပြန်ပါတယ်။
ဗီယက်နမ်ဟာ ဆိုဗီယက်ပြည်ထောင်စု ခေတ်ကတည်းက ရုရှားနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိပြီး ရုရှားက ယူကရိန်းကို ကျူးကျော်ရာမှာလည်း ပြစ်တင်ရှုတ်ချတာ မလုပ်ခဲ့ပါဘူး။
ဗီယက်နမ်လေကြောင်းလိုင်းဟာ ဗီယက်နမ်ကနေ ရုရှားကို ပုံမှန်ပြေးဆွဲတဲ့ တခုတည်းသော ဗီယက်နမ်ပိုင် လေကြောင်းလိုင်းပါ။
ဗီယက်နမ်အစိုးရဟာ ရုရှားနဲ့ တခြား ၂၃ နိုင်ငံက နိုင်ငံသားတွေအတွက် ဗီဇာကင်းလွတ်ခွင့်ကို ဆက်ပြီး မူဝါဒ ချမှတ်ထားတယ်လို့ ဒေသခံမီဒီယာ VnExpress က ပြောပါတယ်။
ဗီယက်နမ်ဟာ သူ့နိုင်ငံထဲကို နိုင်ငံခြားသား ဧည့်သည်တွေ လာဖို့ မတ်လ ၁၅ ရက်က ပြန်ဖွင့်ပေးထားပါတယ်။