close

ဟယ်ရီ

close

May 11, 2023

ဗြိတိန်တော်ဝင်မင်းသားဟယ်ရီက Daily Mirror သတင်းစာကို စွဲထားသည့်အမှု ကြားနာမည်

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီရဲ့ဖုန်းကို ဖောက်ထွင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ Daily Mirror သတင်းစာထုတ်ဝေသူကို တရားစွဲဆိုမှုအပေါ် လန်ဒန်တရားရုံးချုပ်မှာ စတင်ကြားနာဖို့ စီစဉ်ထားပါတယ်။

ဆပ်ခ်ဆက်စ်မြို့စား ဟယ်ရီ တရားစွဲထားတဲ့အဆိုပါ အမှုကြားနာမယ့် ရုံးချိန်းဟာ သီတင်းပတ် ၆ ပတ်မှ ၈ ပတ်ကြား ကြာမြင့်မှာဖြစ်ပါတယ်။

မင်းသားဟယ်ရီနဲ့ သူ့ဇနီး မက်ဂန်တို့ဟာ ကိုယ်ရေးကိုယ်တာ ချိုးဖောက်မှုတွေ၊ ဥပဒေမဲ့လုပ်ရပ်တွေနဲ့ သူနဲ့သူ့မိသားစုအကြောင်း မမှန်မကန်သတင်းတွေ ဖော်ပြတာတွေအတွက် တာဝန်ယူပေးဖို့ ဆိုပြီး ဗြိတိန်နဲ့ အမေရိကန် မီဒီယာအဖွဲ့အစည်းတွေကို ၂၀၁၉ ခုနှစ်ကတည်းက အနည်းဆုံး တရားစွဲဆိုမှု ၇ ခုရှိခဲ့ပါတယ်။

ဗြိတိန်ပြည့်ရှင် ချားလ်စ်ဘုရင်ရဲ့ သားအငယ် ဟယ်ရီနဲ့ သူ့ဇနီး အမေရိကန်သရုပ်ဆောင်ဟောင်း မက်ဂန်မာကဲလ်တို့ဟာ တော်ဝင်တာဝန်တွေကနေ နုတ်ထွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ ကယ်လီဖိုးနီးယားကို ပြောင်းရွှေ့ရတဲ့ အကြောင်းရင်းတခုဟာ မီဒီယာတွေ စည်းမစောင့်မှုကြောင့်လို့ အခိုင်အမာ ပြောထားပါတယ်။ 

11 mins Ago

September 3, 2020

တော်ဝင်မင်းသား ဟယ်ရီတို့ ဇနီးမောင်နှံ Netflix နှင့် ရုပ်ရှင်ရိုက်ကူးရန် သဘောတူလက်မှတ်ထိုး

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ ဇနီးဖြစ်သူ အမေရိကန်သရုပ်ဆောင်မင်းသမီး မက်ဂန်မာကယ်လ်တို့ဟာ ရုပ်ရှင်ကားတွေ၊ မှတ်တမ်းရုပ်ရှင်နဲ့ ရုပ်သံစီးရီးစ် စတာတွေကို လက်တွဲ ရိုက်ကူးထုတ်လုပ်ဖို့အတွက် Netflix နဲ့ သဘောတူလက်မှတ်ရေးထိုးလိုက်ပါတယ်။ သူတို့ ဇနီးမောင်နှံဟာ အခုနှစ်ဆန်းတုန်းကမှ တော်ဝင်ထီးနန်းအရိုက်အရာတွေနဲ့ ဝေးရာမှာ နေထိုင်ဖို့ ကြေညာချက်ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ဒါက ပထမဆုံးသော လှုပ်ရှားမှု ဖြစ်လာခဲ့တာပါ။ နာမည်ကျော် သတင်းစာတစောင်ဖြစ်တဲ့ သည်နယူးယော့ခ်တိုင်းမ်ကတော့ ဟယ်ရီနဲ့ မက်ဂန်တို့ဟာ ကိုယ်ပိုင်ထုတ်လုပ်ရေးကုမ္ပဏီတခု ထူထောင်လိုက်ကြတာဖြစ်ပြီး လုပ်ငန်းရဲ့ နာမည်ကိုတော့ ထုတ်ဖော်ပြောထားတာ မရှိပါဘူး။ ခုလတ်တလော Netflix နဲ့ သဘောတူညီမှုမှာတော့ သူတို့အနေနဲ့ မှတ်တမ်းရုပ်ရှင်နဲ့ စီးရီးစ်တွေ၊ ရုပ်သံရှိုးအစီအစဉ်တွေ၊ ရုပ်ရှင်တွေအပါအဝင် ကလေးတွေအတွက် ရည်ရွယ်တဲ့ ရိုက်ကူးရေးအစီအစဉ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဗြိတိန်တော်ဝင်နန်းလျာစာရင်းမှာ နံပါတ် ၆ ဖြစ်တဲ့ မင်းသား ဟယ်ရီဟာ ချားလ်စ် မင်းသားနဲ့ နာမည်ကျော် ဒိုင်ယာနာ မင်းသမီးတို့ရဲ့ ရင်သွေးတယောက်ဖြစ်ကာ ဇနီးဖြစ်သူ အမေရိကန်သရုပ်ဆောင်မင်းသမီး မက်ဂန်မာကယ်လ်နဲ့ လက်ထပ်ထိမ်းမြားမှုကိုတော့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ မေလ ၁၉ ရက် နေ့တုန်းက လန်ဒန်မြို့၊ ဝင်ဆာ ရဲတိုက်ထဲက စိန့်ဂျော့ ဘုရားကျောင်းမှာ ကျင်းပခဲ့ကြတာပါ။ ၂၀၁၉ ခုနှစ်၊ မေလ ၆ ရက်နေ့မှာတော့ သားတော်လေး အာချီကို မွေးဖွားခဲ့တာ ဖြစ်ပြီး ဗြိတိန်တော်ဝင်နန်းလျာစာရင်းမှာ နံပါတ် ၇ ဖြစ်လာခဲ့တာဖြစ်ပါတယ်။ လတ်တလောမှာတော့ ဟယ်ရီနဲ့ မက်ဂန်ဇနီးမောင်နှံ ၂ ယောက်လုံးဟာ Netflix နဲ့ သဘောတူညီလိုက်တဲ့ ဒီအစီအစဉ်တွေမှာ ပါဝင်ကောင်းပါဝင်လာနိုင်ဖွယ်ရှိပေမယ့် မက် ဂန်ကတော့ လက်ရှိမှာ သရုပ်ဆောင်လောကကို ပြန်ဝင်ဖို့ အစီအစဉ် မရှိသေးဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ လတုန်းကတော့ မင်းသားဟယ်ရီပါဝင်တဲ့ “Rising Phoenix” မှတ်တမ်း ရုပ်ရှင်ကို Netflix မှာ ထုတ်လွှင့်ပြသခဲ့ပြီး ဒါဟာ ဒဏ်ရာရ စစ်ပြန်တွေအတွက် အားကစားပြိုင်ပွဲတခုကို ထူထောင်ခဲ့တဲ့ မင်းသားဟယ်ရီအကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။
3 years Ago
Up