close

ဟားခါးတိုက်ပွဲ

close

May 20, 2021

ဟားခါးတိုက်ပွဲ အကြမ်းဖက်စစ်တပ်က ၇ ‌ဦးသေဆုံးပြီး အနည်းဆုံး ၁၉ ဦးဒဏ်ရာရ

ဟားခါးမြို့က မနေ့ကနဲ့ တနေ့က တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်တပ်က ၇ ‌ယောက်သေပြီး အနည်းဆုံး ၁၉ ယောက် ဒဏ်ရာရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဟားခါး) က သတင်းထုတ်ပြန်ပါတယ်။

မေ ၁၉ ရက် မနေ့‌ညနေ ၅ နာရီဝန်းကျင်က အကြမ်းဖက်စစ်ကောင်စီတပ် အယောက် ၇၀ လောက်ဟာ ဟားခါး-မတူပီလမ်းမအကြားမှာ နယ်မြေရှင်းလင်းရေးလုပ်‌တုန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဟားခါး) က ချောင်းမြောင်းပစ်ခတ်တာကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်က ၃ ယောက်သေဆုံးပြီး အနည်းဆုံး ၅ ယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဟားခါး) ရဲ့ ဆိုင်ကယ်အစီး ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒီ ၂ ရက်တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဟားခါး) တပ်ဖွဲ့၀င်‌တွေ တယောက်မှ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့လည်း ဆိုပါတယ်။

မေ ၁၈ ရက် ညနေ ၄ နာရီကျော်ကလည်း ဟားခါး-ထန်တလန်လမ်းမပေါ်က လုံခြုံရေးဂိတ် (ဟားခါးတက္ကသိုလ်အနီး) က ပစ်ခတ်မှုမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အနည်းဆုံး ၂ ယောက် ဒဏ်ရာရပြီး ဟားခါးသာရ် ၆ လမ်းဆုံ ပစ်ခတ်မှုမှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်က ၄ ယောက်သေ၊ အနည်းဆုံး ၉ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ပြီးတော့ ဟားခါး-ဂန်ဂေါလမ်း ပစ်ခတ်တိုက်ခိုက်မှုမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်က အနည်းဆုံး ၃ ယောက် ဒဏ်ရာရသွားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ကလေးမြို့မှာ အင်အားဖြည့်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နိုင်တယ်လို့လည်း ဆိုပါတယ်။

မနေ့က မင်းတပ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က ၃ ယောက်သေတယ်လို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မင်းတပ်-မတူပီ လမ်း မိုင် ၄၀ နဲ့ ၅၀ ​ကြားမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်က တပ်ကြပ်တ‌ေယာက်အပါအဝင် စစ်သား ၃ ယောက် သေဆုံးတယ်လို့ အတည်ပြုထုတ်ပြန်ပြီး သတင်းအသေးစိတ်ကတော့ မသိရသေးပါဘူး။

57 seconds Ago

May 17, 2021

ဟားခါးတိုက်ပွဲ အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး

ချင်းပြည်နယ်၊ ဟားခါးမြို့ ကျောဘုတ် လုံခြုံရေးဂိတ်နားမှာ ဟားခါးပြည်သူ့ကာကွယ်ရေး တပ် (CDF-Hakha) နဲ့ အခုညနေပိုင်းက တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးသွားတယ်လို့ ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ညနေပိုင်း ၃ နာရီခွဲကနေ ၇ နာရီအကြား ပစ်​ခတ်တိုက်ခိုက်မှုရှိခဲ့ပြီး အကြမ်းဖက်တပ်က လက်နက်ကြီးတွေ အသုံးပြုခဲ့ပေမဲ့ CDF-Hakha ဘက်က ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ဆိုပါတယ်။

3 days Ago
Up