close

ဟားခါးမြို့

close

October 25, 2022

ဟားခါးမြို့ ၌ ပြည်နယ်စာရင်းစစ်ရုံး မီးလောင်

ချင်းပြည်နယ်၊ ဟားခါးမြို့၊ စျေးဟောင်းရပ်ကွက်၊ ရဲစခန်းအောက်ဘက်ရှိ ပြည်နယ်စာရင်းစစ်ရုံးမှာ မီးလောင်မှုဖြစ်ပွားပြီး ရုံးအဆောက်အအုံတစ်ခုလုံး ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အောက်တိုဘာ ၂၂ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ မီးစလောင်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ၂၃ ရက် မနက် ၂ နာရီလောက်မှ မီးငြိမ်းသွားတယ်လို့ ဆိုပါတယ်။

မီးသတ်တပ်ဖွဲ့က မီးငြှိမ်းသတ်နိုင်ခဲ့ပေမဲ့  ရုံးအသုံးအဆောင်ပစ္စည်းတွေအားလုံး ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စာရင်းချုပ်ရုံး မီးလောင်ပွားမှုနဲ့ပတ်သက်ပြီး ဟားခါးမြို့ကဒေသခံ တစ်ဦးက “အခု မီးလောင်တဲ့ရုံးက တိုက်အိမ်နှစ်ထပ်ပေါ့နော်၊ အဲဒီရုံးဘေးမှာဘဲ ဝန်ထမ်းအိမ်ရာရှိတာပေါ့။ အဲဒီဝန်ထမ်းအိမ်ရာကတော့ ဘာမှ မဖြစ်ဘူး။ ဒါပေမဲ့ အဲရုံးနှစ်ထပ်အိမ်ကတော့ ခေါင်မိုးထက်ထိ မီးလျှံနေတာပြီးတော့ သေနတ်သံ သုံးချက်လောက် ကြားရတယ်။ ရှို့မီးဖြစ်နိုင်‌ခြေများတယ်။ ဒေသခံတွေနဲ့ ရုံးဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာလည်းမရှိဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါမီးလောင်မှုနဲ့ပတ်သက်ပြီး ဒေသခံတွေက ရှို့မီးဖြစ်နိုင်တယ်လို့ ပြောကြပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားတဲ့ တန်ဖိုးကိုလည်း မသိရသေးပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်၊ ဟားခါးမြို့တွင်းရှိ စုပေါင်းရုံးအပါအဝင် ဌာနဆိုင်ရာ အဆောက်အဦး ၆ ခု မီးလောင်ဆုံးရှုံးထားသလို ချင်းပြည်နယ် တီးတိန်မြို့မှာလည်း လဝကရုံးအပါအဝင် ဌာနဆိုင်ရာ အဆောက်အဦး ၄ လုံး မီးလောင်ကျွမ်းခဲ့ပါသေးတယ်။

54 seconds Ago

February 15, 2022

ဟားခါးမြို့တွင် အပြစ်မဲ့ လူငယ်နှစ်ဦး ဖမ်းဆီးခံရ

ချင်းပြည်နယ် ဟားခါးမြို့မှာ အပြစ်မဲ့ အမျိုးသမီးငယ် ၁ ဦးနဲ့ အမျိုးသား ၁ ဦးတို့ကို ပြောက်ကျားစစ်သင်တန်း တက်ထားသူတွေဆိုပြီး စွပ်စွဲကာ စစ်ကောင်စီက ဖမ်းဆီးထားတာ ဒီနေ့အထိ ပြန်မလွှတ်သေးတာကြောင့် မိသားစုတွေ စိုးရိမ်နေကြတယ်လို့ နီးစပ်သူတဦး ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်က ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်ရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ထန်တလန်မြို့ဘက်ကနေ ဟားခါးမြို့ကို မောင်းလာတဲ့ ဆိုင်ကယ်အား စစ်ဆေးရာ ထန်တလန်မြို့၊ အိုင်ဘူးရ်ကျေးရွာမှာ နေထိုင်သူ မောင်ဆိုင်းရပ်စ်ငွန်မန်း (၂၁ နှစ်)နဲ့ မမြတ်မွန်သင်း (၁၉ နှစ်)တို့ နှစ်ဦးကို စစ်သင်တန်း တက်ထားသူတွေဆိုပြီး စွပ်စွဲဖမ်းထားတယ်လို့ ဆိုပါတယ်။

“အဖမ်းခံတဲ့သူ မိန်းကလေး မမြတ်မွန်သင်းဟာ သူ့မိသားစု ရန်ကုန်မှာရှိသူဖြစ်ပြီး သူ့မွေးဇာတိသို့ ကိုဗစ်အခြေအနေကြောင့် ပြန်ခဲ့သူဖြစ်ပါတယ်။ အာဏာသိမ်းမှုကြောင့် ချက်ချင်းမပြန်နိုင်ဘဲ အခြေအနေတည်ငြိမ်လာပြီး ဟာခါး-ရန်ကုန် ကားသွားနိုင်ပြီဆိုတဲ့သတင်းကြောင့် သူ့မိသားစုရှိတဲ့ ရန်ကုန်ကို သူနဲ့ တရွာတည်းနေ မောင်ဆိုင်းရပ်စ်ငွန်မန်းက ဟားခါးကို သွားလိုက်ပို့ရင်း အဖမ်းခံရတာ” လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

ဘာကြောင့် အဖမ်းခံရတာလဲဆိုတာ မသိပေးမဲ့ သူတို့ဟာ လက်နက်ကိုင်တွေနဲ့ လုံးဝ ဆက်သွယ်မှုမရှိတာကို သတင်းမီဒီယာတချို့မှာ CNF/CNA တွေမို့ ဖမ်းတယ်လို့ ထုတ်ပြန်ထားတာကြောင့် အပြစ်မရှိဘဲ အမှုကြီးမှာကို မိသားစုတွေက စိုးရိမ်နေတယ်လို့ ဆိုပါတယ်။ 

မောင်ဆိုင်းရပ်စ်ငွန်မန်းရဲ့ အဖေဟာ ခရစ်ယာန်သင်းအုပ်ဆရာတစ်ပါးဖြစ်ပြီး အဖမ်းခံရသူ နှစ်ယောက်လုံးဟာ ရွာမှာ လူမှုရေးအလုပ်တွေကိုသာ လုပ်ကြသူဖြစ်တယ်လို့ ရွာသားတွေက ပြောပြကြပါတယ်။ 

စစ်ကောင်စီတပ်တွေဟာ သာမန်လူငယ်တွေကို စစ်ဆေးဖမ်းဆီးပြီး CNF ချင်းကာကွယ်ရေးတပ်ကလို့ စွပ်စွဲ အပြစ်ပေးလေ့ရှိကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။

8 months Ago
Up