close

ဟားငါးကောင်

close

March 27, 2022

ပြည်သူ့ဘက်တော်သား ဟားငါးကောင်အဖွဲ့ထံ ပရီးမီးယားလိဂ်ကလပ် ဘရန်းဖို့ဒ်အသင်းက ဂုဏ် ပြုဂျာစီ ပေးပို့

မြန်မာ့နွေဦးတော်လှန်ရေးမှာ တက်တက်ကြွကြွပါဝင်နေကြတဲ့ ပြည်သူ့ဘက်တော်သား ဟားငါးကောင်အဖွဲ့ကို အင်္ဂလန်ပရီးမီးယားလိဂ် ဘောလုံးကလပ်အသင်းတသင်းဖြစ်တဲ့ ဘရန်းဖို့ဒ်အသင်းက ဂုဏ်ပြု ဂျာစီတစုံကို ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဟားငါးကောင်အဖွဲ့မှ လူရွှင်တော် ပိုးလေးက “ပရီးမီးယားလိဂ်မှာ ကန်နေတဲ့ Brentford ဘောလုံးအသင်းသားတွေ လက်မှတ်ထိုးထားတဲ့ သူတို့အသင်းရဲ့ဝတ်စုံတစုံ ပေးပို့လာပါတယ်။ ဟားငါးကောင်အဖွဲ့ဟာ နွေဦးတော်လှန်ရေးမှာ အမှန်တရားဘက် ရပ်တည်တဲ့အတွက် ဂုဏ်ပြုတာလို့လည် သိရပါတယ်။ အမှန်တရားဘက်ကသာရပ်တည်ရင် မြန်မာပြည်သူတွေကသာမက ကမ္ဘာကြီးကပါ ပစ်မထားပါဘူးဆိုတာ သက်သေပါပဲ။” လို့ ပြောပါတယ်။

ဘရန်းဖို့ဒ် ဘောလုံးအသင်းဟာ မြန်မာ့နွေဦးတော်လှန်ရေးကို အားပေးထောက်ခံကြောင်း သူတို့ရဲ့ အင်တာနက်စာမျက်နှာမှာ ရေးခဲ့တဲ့အသင်းတသင်းဖြစ်ပြီး လက်ရှိပေးပို့လာတဲ့ အသင်းဂျာစီပေါ်မှာတော့ အသင်းသား ကစားသမားတွေ လက်မှတ်ရေးထားထားကြပြီး ဟားငါးကောင်အဖွဲ့ရဲ့ အစစာလုံးတွေဖြစ်တဲ့ “HK5”လို့ ရေးသားထားတာကို တွေ့ရပါတယ်။

ဟာသလူရွှင်တော် တိုင်းကျော်၊ ပြည်ကျော်၊ တိုးကျော်၊ ဝိုင်းကျော်နဲ့ ပိုးလေးတို့ ပူးပေါင်းထားတဲ့ ဟားငါးကောင်အဖွဲ့ကို ဦးသိန်းစိန်အစိုးရလက်ထက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဦးသိန်းစိန်အစိုးရနဲ့ အန်အယ်လ်ဒီအစိုးရတွေကို ပြက်လုံးတွေထုတ်ခဲ့တဲ့ လူရွှင်တော်အဖွဲ့ဖြစ်ကာ လက်ရှိအာဏာသိမ်းစစ်ကောင်စီလက်ထက်မှာလည်း ပြည်သူတွေနဲ့ တသားတည်းရပ်တည်ကာ ရှေ့တန်းကနေ အနုပညာ အလုပ်တွေကို ဆက်လုပ်နေပြီး တော်လှန်ရေးမှာ တထောင့်တနေရာက ပါဝင်နေကြတာ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ကိုတော်လှန်တဲ့ ပြည်သူတွေကို စစ်ကောင်စီကအကြမ်းဖက်ခဲ့သလို ပြည်သူဘက်ကရပ်တဲ့ အနုပညာသမားတွေကိုလည်း စစ်ကောင်စီက ဖမ်းဆီးထောင်ချခဲ့ပါတယ်။ ဟားငါးကောင်အဖွဲ့ကိုလည်း စစ်ကောင်စီကလိုက်လံဖမ်းဆီးတာကြောင့် တောထဲကိုတိမ်းရှောင်လာရသလို လက်ရှိအချိန်မှာ လွတ်မြောက်နယ်ရဲ့ တနေရာမှာရှိပြီး အာဏာရှင်တော် လှန်ရေးကို တစိုက်မတ်မတ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

3 mins Ago

January 26, 2022

ဗိုလ်နဂါးနှင့် ကိုတိုင်းကျော်တို့ ပါဝင်သည့် တော်လှန်ရေးစကားဝိုင်း ကျင်းပမည်

နွေဦးတော်လှန်ရေးတိုက်ပွဲဝင် ဗိုလ်နဂါးနဲ့ ဟားငါးကောင်အဖွဲ့က ကိုတိုင်းကျော်တို့ ပါဝင် ဆွေးနွေးသွားကြမယ့် တော်လှန်ရေးစကားဝိုင်းတခု ပြုလုပ်သွားဖို့ ရှိနေပါတယ်။

“နဂါးတို့ စကားဝိုင်း”လို့ အမည်ပေးထားတဲ့ ဒီစကားဝိုင်းဆွေးနွေးပွဲကိုတော့ ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီ မှာ အွန်လိုင်းကနေ တိုက်ရိုက် ထုတ်လွှင့်သွားမှာဖြစ်ပြီး D Day Channel နဲ့အတူ တခြား‌သော ဆက်စပ်ရုပ်သံလင့်ခ်တွေကတဆင့် ကြည့်ရှုနားဆင်နိုင်မှာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာတော့ ဗိုလ်နဂါး၊ ကိုတိုင်းကျော်တို့နဲ့အတူ  စစ်သား CDM တွေထဲမှာ ပထမဦးဆုံး လက် ၃ ချောင်းထောင် မျက်နှာပြခဲ့တဲ့ ပြည်သူ့ဘက်တော်သား ကိုလင်းထက်အောင်၊ မရွှေမိုး(ကိုရီးယား) တို့ကလည်း ပါဝင်ဆွေးနွေးသွားကြမှာပါ။

မတရားစစ်အာဏာသိမ်းမှုကို မြန်မာပြည်သူတရပ်လုံးက ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ လာမယ့် ဖေဖော်ဝါရီ ၁ ရက်မှာတော့ တနှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန် စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို လှည်း နေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက် တင်ဘာ ၇ ရက်မှာ ကြေညာထားခဲ့ပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်နေကြတဲ့ လူ ထုတိုက်ပွဲတွေဟာလည်း အရှိန်အဟုန်နဲ့ အားကောင်းနေဆဲ ဖြစ်ပါတယ်။

2 months Ago
Up