ဟိန္ဒူဘာသာဝင်တွေ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဒီပါဝလီနေ့ (ခေါ်) ဒေဝါလီနေ့မှာ ရခိုင်ပြည်နယ်ရှိ ဟိန္ဒူဘာသာဝင်တွေလည်း နေအိမ်တွေမှာ မီးထွန်းပူဇော်ခဲ့ကြပါတယ်။
''ဒီနှစ်ကပွဲတော်ကျင်းပကြတာမဟုတ်ပါဘူး။ ဘာသာရေးအစဉ်အလာအရ မီးထွန်းပူဇော်ကြတာပါ။ ဒီနေ့ တစ်ညတည်းပါပဲ။''လို့ ဒေသခံ ဟိန္ဒူ အမျိုးသမီးတစ်ဦးက MPA သို့ ပြောပါတယ်။
နှစ်စဉ် ဒီပါ၀လီပွဲတော်ကာလမှာ ဘုရားကျောင်းတွေ၊ လူနေအိမ်တွေ၊ ဈေးတွေနဲ့ အဆောက်အအုံတွေမှာ ဆီမီးတွေကို လှပစွာထွန်းညှိပူဇော်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိတာပါ။
အခုနှစ်မှာတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ပွဲတော်ကို မကျင်းပဖို့ ဟိန္ဒူဘာသာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားပါတယ်။
Photo - Kaung Mrat Naing /
ဟိန္ဒူဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ ဒီပါဝလီ ကာလမှာ ဟိန္ဒူဘာသာဝင်တွေ လိုက်နာဖို့ အသိပေးနှိုးဆော်ချက်ကို ဟိန္ဒူဘာသာရေး အသိပညာအဖွဲ့က အောက်တိုဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
နိုဝင်ဘာ ၄ ရက်နေ့ ကျရောက်မယ့် ဟိန္ဒူဘာသာဝင်တွေ အထွတ်အမြတ်ထားရာ ဒီပါဝလီ ကာလမှာ ဟိန္ဒူဘာသာဝင်တွေအနေနဲ့ လက်ရှိ မြန်မာနိုင်ငံမှာ အပြစ်မဲ့ပြည်သူ အများအပြား သေဆုံးထားရပြီး စစ်ကောင်စီလက်အောက်က လွတ်မြောက်မှု မရသေးတာကို သတိပြုဆင်ခြင်ပြီး ပျော်ပွဲရွှင်ပွဲတွေနဲ့ ဘာသာရေး အဆုံးအမအရ မသင့်လျော်တဲ့ ဆူညံပျော်ပါး မူးယစ်တာတွေ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။
ပူဇော်ပွဲကို မိမိတို့ရဲ့ နေအိမ်တွေမှာ မိသားစုဝင်တွေနဲ့သာ အကျဉ်းချုံးပြီး ဓလေ့ထုံးတမ်းတွေကို ဆောင်ရွက်ကြဖို့လည်း ပါရှိပါတယ်။
ဒါ့အပြင် မိမိတို့ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ရရှိပြီးမှသာ နဂိုမူလအတိုင်း ပွဲတော်ကြီးတွေ ဆင်နွှဲကြဖို့လည်း အသိပေးပန်ကြားထားပါတယ်။