ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့ မြသီတာရပ်ကွက်ရှိ ယူနီယံဆန်စက်ဝင်းအတွင်းမှာ မတ် ၂၀ရက် ညနေပိုင်းက ကုန်သွယ်လယ်ယာဌာနပိုင် စပါးဂိုဒေါင်နှစ်လုံးနဲ့ နေအိမ်တလုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ယူနီယံ ဆန်စက်ဝန်း အတွင်းမှာ ကုန်သွယ်လယ်ယာက ဆောက်ထားခဲ့တဲ့ ဂိုဒေါင်နှစ်လုံးမီးလောင်တယ်။ အနာက်ဘက်လမ်းကြားက နေအိမ်တလုံးလည်း မီးလောင်သွားတယ်။ ညနေ ၃ နာရီခွဲလောက် စလေါင်တာ။ ၄ နာရီကျော်လောက်ငြိမ်းသွားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
စပါးဂိုဒေါင်အနီး သစ်ရွက်ခြောက်ပုံတွေအပေါ် ဆေးလိပ်မီးပစ်ခတ်ခဲ့ရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာလို့ မီးသတ်တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
မြန်မာ့ဆိုရှယ်လှစ်လမ်းစဉ်ပါတီက ၁၉၇၀ ခုနှစ်မှာ ဆန်စက်ဝန်းအတွင်း တည်ဆောက်ထားခဲ့တဲ့ စပါးသိုလှောင်ဂိုဒေါင်တွေ မီးလောင်ကျွမ်းသွားတာလို့ သိရပါတယ်။
ကချင်ပြည်နယ်၊ ဟိုပင်မြို့ မြို့မတောင်ရပ်ကွက်ရှိ လျှပ်စစ်ရုံးအနီးမှာ အငြိမ်းစားယူထားတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်ကြီး တယောက် မတ် ၁၆ ရက် ဒီနေ့မနက်ပိုင်းက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အငြိမ်းစားဗိုလ်ကြီး အောင်မျိုးသန့်နဲ့ မိတ်ဆွေတဦးတို့ဟာ လျှပ်စစ်ရုံးအနီး ကားပေါ်မှာထိုင်နေတုန်း အမည်မသိ သေနတ်သမားတွေက လာပစ်သတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ ပြည်သူတဦးက "မနက် ၉ နာရီခွဲလောက်က သူစီးလာတဲ့ AD Van ကားပေါ်မှာ ထိုင်နေတုန်း အနောက်ကနေ ကားနှစ်စီးရောက်လာပြီး သေနတ်နဲ့ပစ်တာ။ ပြည်သူ့စစ်ဗိုလ်ကြီးကတော့ ကားပေါ်မှာ သေသွားတယ်။ နောက်တယောက်ကတော့ သေမသေ တိတိကျကျ မသိရဘူး။ ပစ်ချက်က မနည်းဘူး။ ကားနှစ်စီးနဲ့ ဝိုင်းပစ်တာ။ ဘယ်သူပစ်တယ် ဆိုတာတော့ မသိဘူး။ ပစ်ပြီး မောင်းထွက်သွားတယ်" လို့ ပြောပါတယ်။
ပစ်ခတ်မှုကြောင့် အသက် ၅၀ ခန့်အရွယ် ဗိုလ်ကြီးဟောင်း အောင်မျိုးသန့်သေဆုံးသွားတဲ့အပြင် ကားမှာလည်း သေနတ်ကျည်ဆန်ရာ အချက် ၃၀ ထက်မနည်း မှန်ခဲ့တဲ့အတွက် ကားထိခိုက်ပျက်စီးသွားကာ အခင်းဖြစ်ပွားတဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးနေပါတယ်။
ဟိုပင်မြို့မှာ နိုဝင်ဘာ ၇ ရက်ကလည်း အမည်မသိ သေနတ်သမားက ထူးထိုက်စံ လက်ဖက်ရည်ဆိုင်အတွင်း ဝင်ရောက်ကာ သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ကလေးငယ်တဦး အပါအဝင် ပြည်သူ ၆ ဦး သေဆုံးခဲ့ပါတယ်။