close

ဟိုပင်

close

January 28, 2023

ဟိုပင်မြို့နယ်၌ စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် သားအမိ ၂ ဦးထိမှန်၊ ၁ ဦးသေဆုံး

ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်၊ နန့်ရင်းရွာမှာ  ဇန်နဝါရီ ၂၇ ရက် မနက်ပိုင်းက စစ်ကောင်စီ ပစ်ခတ်တဲ့လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး  ရွာသား လူငယ်လေးတယောက် သေဆုံးကာ သူ့ရဲ့ မိခင်ဖြစ်သူကတော့ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ ခြေလျင်တပ်ရင်း ၄၀ က ပစ်တဲ့ လက်နက်ကြီးကျည် နန့်ရင်းကျေးရွာနား ကျရောက်ပေါက်ကွဲခဲ့ပြီး စိုက်ခင်းသို့သွားတဲ့ သားအမိ နှစ်ဦး ကျည်ထိမှန်ကာ သားဖြစ်သူ သေဆုံးခဲ့တာပါ။

ဒေသခံ အမျိုးသား တဦးက "မနက် ၈ နာရီလောက် စိုက်ခင်းသွားတဲ့ သားအမိ နှစ်ဦး လက်နက်ကြီးကျည် ထိတယ်။ နန့်ရင်းချောင်းနားမှာ ဖြစ်တာ။ သားဖြစ်တဲ့သူကတော့ ပွဲချင်းပြီး သေတယ်။ မိခင်ဖြစ်တဲ့သူကတော့ ခြေထောက်ကို ထိတာ ဒဏ်ရာ အတော်ပြင်းတယ်"လို့ ပြောပါတယ်။

လက်နက်ကြီးထိမှန်ခဲ့တဲ့ သားအမိဟာ နန့်ရင်းရွာနေ တောင်သူလုပ်ငန်းလုပ်ကိုင်တဲ့ အသက် ၁၉ နှစ် အရွယ် မောင်စိုင်းစိုင်းနဲ့ အသက် ၅၀ အရွယ် ဒေါ်မိကြည်တို့ ဖြစ်ပါတယ်။

ဟိုပင်မြို့နယ်အတွင်းမှာ ခလရ ၄၀ က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ၂၀၂၂ ခုနှစ် ဇူလိုင်လကလည်း ငါးမိုင်ကျေးရွာက နွားနှစ်ကောင် လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပါတယ်။

40 seconds Ago

March 19, 2022

ဟိုပင်မြို့နယ်တွင် ကေအိုင်အေပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်၊ နန့်ရင်းကျေးရွာအနီးမှာ မတ် ၁၉ ရက်မနက်က စစ်ကောင်စီတပ်နဲ့  ကေအိုင်အေ PDF ပူးပေါင်းအဖွဲ့တွေ  တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဟိုပင်မြို့အရှေ့ နန့်ရင်းချောင်းအနီးမှာ စစ်ကြောင်းထိုးလာတဲ့  စစ်ကောင်စီ တပ်သား ၂၀၀ နီးပါးနဲ့ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

"မနက် ၇ နာရီလောက်က  တိန့်လုံပါဘက် စစ်ကြောင်းထိုးလာတုန်း  ကေအိုင်အေနဲ့ PDFက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်တာပဲ။ လက်နက်ကြီးတွေနဲ့လည်းပစ်တယ်။ စစ်တပ်ဘက်က အကျအဆုံးများနိုင်တယ်။ တိတိကျကျတော့ မသိရသေးဘူး"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန်မှာ  စစ်ကောင်စီတပ် ခလရ ၄၀ တပ်ရင်းကနေ  လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တဲ့အတွက် လက်နက်ကြီးကျည်တွေ ကျေးရွာအတွင်းကျရောက်ပေါက်ကွဲလို့ နန့်ရင်းကျေးရွာနဲ့ ပတ်ဝန်းကျင်က ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။

နန့်ရင်းကျေးရွာဟာ ဟိုပင်မြို့နဲ့  ၂ မိုင်လောက်သာဝေးပြီး   လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရတဲ့အတွက် ဟိုပင်မြို့ပေါ်က ဈေးဆိုင်တချို့ ပိတ်ထားကြောင်းသိရပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အဝင်   မရမ်းကျေးရွာ ၂၁ မိုင် စစ်ဆေးရေး စုပေါင်းဂိတ်မှာလည်း ဒီနေ့ စစ်ကောင်စီတပ်နဲ့  ကေအိုင်အေ PDF ပူးပေါင်းတပ်ဖွဲ့တွေ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

10 months Ago
Up