‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့က ဒေသခံတွေဟာ မြန်မာလျှပ်စစ်မီးထက် ပြတ်တောက်မှု ရာခိုင်နှုန်းနည်းပြီး ၂၄ နာရီလုံး အချိန်ပြည့်လာတဲ့ တရုတ်လျှပ်စစ်မီးကို ဆယ်စုနှစ် ၂ ခု ကျော်အထိ အဓိကထား သုံးစွဲတယ်လို့ သိရပါတယ်။
မီတာခ သက်သာပေမဲ့ အချိန်မှန် မလာတာ၊ မီးအားနည်းပြီး ထမင်းဟင်းချက် စားသောက်ဖို့ အဆင်မပြေတာကြောင့် မြန်မာလျှပ်စစ်မီးကို ဒေသခံတွေအနေနဲ့ သုံးစွဲမှု နည်းပါးတာလို့ ဒေသခံတွေက ပြေပါတယ်။
ဒေသခံတွေဟာ ခရမ်းချဉ်သီး မီးအားပမာဏသာရှိတဲ့ မြန်မာလျှပ်စစ်မီး အခြေအနေမျိုးကို ကြုံတွေ့ ခဲ့ရပြီး သုံးစွဲမှု နည်းတာကြောင့် မီတာခတွေ လာရောက်ကောက်ခံတာမျိုး မရှိတဲ့ အခြေအနေထိ ဖြစ်ခဲ့တယ်လို့ ဟိုပန်မြို့နေ ဒေသခံတဦးက ပြောပါတယ်။
၂၀၂၂ ခုနှစ်မှာတေ့ာ မြန်မာလျှပ်စစ်မီးကို ရပ်ကွက်လိုက် အလှည့်ကျပေးတာမျိုး ပြုလုပ်ခဲ့ပြီး အရင်နှစ်တွေထက် မီးအားလည်း ပိုကောင်းပြီး ပုံမှန်လာတာကြောင့် မီတာခဈေးကြီးတဲ့ တရုတ် လျှပ်စစ်မီးကို ချွေတာသုံးစွဲကြတဲ့ ဒေသခံတွေအတွက် များစွာအဆင်ပြေခဲ့ပါတယ်။
၂၀၂၂ နှစ်ကုန်ပိုင်းကစလို့ အခုနှစ်၂၀၂၃ မှာတေ့ာ မြန်မာလျှပ်စစ်မီးဟာ ပုံမှန်မလာရာကနေ လုံးဝ မလာတေ့ာတဲ့ အခြေအနေမျိုး ဖြစ်လာတာကြောင့် ဒေသခံတွေအနေနဲ့ တရုတ်မီးကိုသာ ပြန်ပြီး သုံးစွဲကြတာ ဖြစ်ပါတယ်။
၂၀၂၂ မတိုင်ခင်က တရုတ်မီး ၁ ယူနစ်ကို တရုတ်ငွေ ၁ ဒသ ၈ ယွမ် (မြန်မာငွေ ၇၀၀ ကျပ်) ကျပြီး ခိုးယူသွယ်တန်း သုံးစွဲသူတွေများတာကြောင့် ၂၀၂၂ ကစပြီး ကတ်စနစ်ကို ပြောင်းလဲခဲ့ပါတယ်။
ကတ်စနစ်ပြောင်းလဲ သုံးစွဲပြီးတဲ့နောက်မှာတေ့ာ ယခင်ယူနစ်ပုံစံထက် အကုန်အကျ ပိုများတာ ကြောင့် ဒေသခံတွေကြား ဝေဖန်မှုတွေ များစွာမြင့်တက်ခဲ့ပြီး ကတ်စနစ် မပြောင်းလိုတဲ့ ရပ်ကွက်နေသူတွေဟာ အိမ်တိုင်ရာရောက် ကတ်လာပြောင်းထည့်ပေးတဲ့ တရုတ်လျှပ်စစ်မီး ဝန်ထမ်းတွေကို ဓားနဲ့လိုက်လံခုတ်တဲ့ထိ ၂၀၂၂ ခုနှစ်မှာ ဖြစ်ခဲ့ပါတယ်။
တရုတ်လျှပ်စစ်မီးဟာ မီးအားကောင်းသလို မီတာခကို တရုတ်ယွမ်ငွေနဲ့ အဓိကတွက်ပြီး ပေးဆောင်ရတာကြောင့် မီတာခဈေးကြီးပြီး ယခင်က လျှပ်စစ်ရုံးဝန်ထမ်းတွေကိုယ်တိုင် မီတာခ လာရောက်ကောက်ယူပေမယ့် ကတ်စနစ်ပြောင်းပြီးတဲ့နောက် ကတ်ကုန်သွားပါက မီးအလို အလျောက်ပျက်ပြီး ဒေသခံတွေကိုယ်တိုင် တရုတ်လျှပ်စစ်ရုံးကို မီတာခသွားဆောင်ရတာ ဖြစ်ပါတယ်။
ကတ်ကိုတေ့ာ မိမိစိတ်တိုင်းကျ တကြိမ်ကို တရုတ်ယွမ် ၅၀ မြန်မာငွေ ၂၀၀၀၀ ကျော် ဒါမှမဟုတ် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၄၀၀၀၀ ကျော် ထည့်နိုင်ပြီး ယွမ် ၅၀ ကို ၇ ရက် ဝန်းကျင်သုံးစွဲရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
အာဏာသိမ်းပြီးနောက် မြန်မာတနိုင်ငံလုံးက လျှပ်စစ်မီးကို အလှည့်ကျခွဲဝေသုံးစွဲရပေမယ့် ဟိုပန်မြို့မှာတေ့ာ ဓာတ်အားစက်ရုံကို ပြင်တဲ့အချိန်ကလွဲလို့ လျှပ်စစ်မီး ပြတ်တောက်တာမျိုး မရှိခဲ့ဘဲ ၂၄ နာရီလုံး လျှပ်စစ်မီး ရရှိနေတာပဲ ဖြစ်ပါတယ်။
တရုတ်လျှပ်စစ်မီးကို ပုံမှန်ရရှိနေတာကြောင့် ဒေသခံတွေအတွက် အသက်မွေးဝမ်းကြောင်း အတွက် လုပ်ကိုင်စားသောက်ဖို့ များစွာအထောက်အပံ့ ဖြစ်ပါတယ်။
လက်ရှိ ဟိုပန်မြို့မှာ တရုတ်လျှပ်စစ်မီးကိုသာ အသုံးပြုကြပြီး တရုတ်လျှပ်စစ်မီးကို ‘ဝ’ ပြည် နမ့်တစ်အခြေစိုက် ဓာတ်အားရုံမှ ဆွဲယူသုံးစွဲထားပြီး ဟိုပန်မြို့နေ တရုတ်လူမျိုး ဦးကွမ်တုံက ကန်ထရိုက်ယူကာ ဒေသခံတွေကို ကတ်စနစ်နဲ့ ပြန်ပြီးဖြန့်ဝေပေးနေတာ ဖြစ်ပါတယ်။
ဟိုပန်မြို့နေ ဒေသခံတွေဟာ တရုတ်လျှပ်စစ်မီးကို ၂၀၀၁ ခုနှစ်ကစပြီး အသုံးပြုလာကြတာ ဖြစ်ပါတယ်။
မြန်မာ- တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်မှာ ဘိန်းအစားထိုးသီးနှံ အဖြစ်စိုက်ပျိုးထားတဲ့ ရော်ဘာခြံတွေထဲက ဧက ၁၀၀ ဝန်းကျင်ကို ရွှေမြို့ပြစီမံကိန်းလို့ အမည်တပ်ကာ မြေကွက်သစ်ဖော်ပြီး စစ်ကောင်စီခန့် ၀ တိုင်းဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေက တရုတ်နိုင်ငံသားတွေထံ ရောင်းချနေတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
အရင်ကပြည်သူတွေရဲ့ မြေတွေကို သိမ်းထားပြီး ဘိန်းအစားထိုးသီးနှံအဖြစ် ရော်ဘာပင်တွေကို စီမံကိန်းနဲ့ စိုက်ခဲ့ကြရာက အခုတော့ စစ်ကောင်စီခန့် ‘၀’ တိုင်းဥက္ကဋ္ဌ ဦးညီနပ်၊ ဦးကျင်ဝမ်း၊ ဒေါက်တာကျော်ထွန်း၊ ကိုထွန်းအောင်တို့ ပူးပေါင်းပြီး ရော်ဘာခြံတွေကို အကွက်ရိုက်ပြီး ရောင်းစားနေကြလို့ ဒေသခံတဦးက ပြောပါတယ်။
“ ပေ၇၀ x ၈၀ တကွက်ကို တရုတ်ယွမ်ငွေ နှစ်သိန်းငါးသောင်းနဲ့ တရုတ်နိုင်ငံသားတွေကို ရောင်းစားနေတယ်။ ပြီးတော့ သူတို့ရောင်းစားတဲ့မြေတွေမှာ လောင်းကစားရုံတွေလည်း ဖွင့်ထားကြတယ်။”
ရော်ဘာခြံတွေကို ကွက်သစ်ရိုက်ပြီး တရုတ်နိုင်ငံသားတွေကိုရောင်းချနေတာနဲ့ လောင်း ကစားရုံတွေ ဖွင့်လှစ်နေတာနဲ့ပတ်သက်ပြီး ဒေသခံတွေက ကန့်ကွက်ချင်ကြပေမယ့် စစ်တပ်က အာဏာသိမ်းထားတဲ့ ကာလဖြစ်လို့ မကန့်ကွက်ရဲဘူးလို့ မြို့ခံတွေက ဆိုပါတယ်။
မြို့ခံတဦးက “စစ်တပ်က အာဏာသိမ်းထားတဲ့ ကာလကြီးဖြစ်တော့ စစ်တပ်က ခန့်ထားတဲ့ လူတွေက အာဏာပြပြီး လုပ်ချင်ရာလုပ်နေတာပေါ့။ မြေကွက်ရိုက်တယ် တရုတ်တွေကိုရောင်းတယ်။ လောင်းကစားရုံတွေ နှစ်ဆယ်လေးနာရီဖွင့်တယ်။ ဘယ်သူမှ မကန့်ကွက် ရဲဘူးဗျ။ ကြောက်နေရတယ်” လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ‘၀’ တိုင်းဦးစီးအဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမဲ့ မရခဲ့ပါဘူး။ ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်ဟာ မြန်မာ- တရုတ် နှစ်နိုင်ငံနယ်စပ်မှာ တည်ရှိပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာ ပါဝင်ကာ ‘၀’ ပြည်သွေးစည်း ညီညွတ်ရေးတပ် (UWSA)နယ်မြေနဲ့လည်း ထိစပ်နေပါတယ်။