close

ဟိုပုံးမြို့နယ်

close

December 19, 2022

ဟိုပုံးမြို့နယ်၌ သေနတ်အလက် ၅၀၀ ခန့် သိမ်းဆည်းရမိဟု စစ်ကောင်စီထုတ်ပြန် 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်မှာ PDF တပ်ဖွဲ့တွေ လျှို့ဝှက်သယ်ဆောင်လာတဲ့ Type-81 အမျိုးအစားလက်နက် ၄၉၉ လက်၊ ကျည်အိမ် ၄၉၈ ခုနဲ့ တခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီက ဒီဇင်ဘာ ၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စုအနီး လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေဟာ ဆော်တောကျေးရွာရဲ့ အရှေ့ဘက် ၂ မိုင်ခန့်အကွာမှာ လုံခြုံရေး ဆောင်ရွက်နေစဉ် ဒီဇင်ဘာ ၁၇ ရက်မနက် ၉ နာရီလောက်မှာ ပင်လုံမြို့၊ ဆနင်းကျေးရွာဘက်မှ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာဘက်သို့ မောင်းနှင်လာတဲ့ ဒိုင်နာ ၆ ဘီးကား ၁ စီးကို  မသင်္ကာဖွယ် တွေ့ရှိလို့ ရပ်တန့်စေခဲ့တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ ကားရပ်မပေးဘဲ မောင်းနှင်ထွက်ပြေးသွားလို့ လိုက်လံဖမ်းဆီးခဲ့ရပြီး မော်တော်ယာဉ်မှာ ရပ်တန့်သွားပေမဲ့ ကားပေါ်ပါလာသူတွေ ထွက်ပြေးလွတ်မြောက်သွားကာ အဆိုပါကားပေါ်မှာ  လျှို့ဝှက်သယ်ဆောင်လာတဲ့  လက်နက်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီ သတင်းမှာ ဖော်ပြပါတယ်။

ဒေသခံတိုင်းရင်းသားပြည်သူများတွေရဲ့ လျှို့ဝှက်သတင်းပေးပို့ချက်အရ အခုလို လက်နက်တွေဖမ်းမိတာလို့ စစ်ကောင်စီကဆိုပါတယ်။ ဒါပေမဲ့ သေနတ်သယ်ဆောင်လာသူတွေကိုတော့ တစ်ယောက်မှဖမ်မိခြင်းမရှိဘဲ PDF တွေရဲ့လက်နက်ဖြစ်တယ်ဆိုတာ ဘယ်လိုသိရှိခဲ့ရတယ်ဆိုတာကိုတော့ စစ်ကောင်စီက ပြောမထားပါဘူး။

အဆိုပါလက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး PDF တွေဘက်လည်း အတည်ပြု နိုင်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းက ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာအနီး တပ်မတော်စစ်ကြောင်းတွေက လေကြောင်းချီစစ်ဆင်တိုက်ခိုက်ရာမှာ PDF အလောင်းတွေနဲ့ လက်နက်၊ ခဲယမ်းတွေ၊ ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့  စစ်ကောင်စီ က သတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီသတင်းထုတ်ပြန်သလို တအောင်းတပ်မတော်ရဲ့ လက်နက်တွေနဲ့ NUG-PDF လက်နက်ပစ္စည်းတွေ သိမ်းဆည်းခံရတာနဲ့ ဆုံးရှုံးပျက်စီးတာတွေ မရှိဘူးလို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)က ဒီဇင်ဘာ ၁၈ ရက်က ပြန်လည်တုံ့ပြန် ကြေညာထားပါတယ်။

Photo-DSINFO

8 mins Ago

November 15, 2020

ဟိုပုံးမြို့နယ်တွင် ငွေကျပ်သိန်း ၈,ဝ၀ဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

ရှမ်းပြည်နယ် ဟိုပုံးမြို့နယ်မှာ ငွေကျပ် သိန်း ၈,ဝ၀ဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက မနေ့ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေဟာ နိုဝင်ဘာ ၁၂ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်လောက်က လွိုင်လင်မြို့အထွက်၊ လွိုင်လင်-တောင်ကြီးသွားကားလမ်း၊ ဟိုတင့်ကျေးရွာအနီးမှာ လွိုင်လင်ဘက်မှ တောင်ကြီးဘက် မောင်းနှင်လာတဲ့ ခဲရောင်မော်တော်ယာဉ်တစီး ရှာဖွေစစ်ဆေးတဲ့နေရာ မရောက်မီ မသင်္ကာဖွယ်ရပ်တန့်သွားတာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ သွားရောက်စစ်ဆေးဖို့ လုပ်နေတုန်း Revo အမျိုးအစားမော်တော်ယာဉ်နဲ့ Ford အမျိုးအစား မော်တော်ယာဉ်တို့ ထပ်မံရောက်ရှိလာပြီး အဲဒီမော်တော်ယာဉ် ၃ စီးဟာ ဟိုတင့်ကျေးရွာအတွင်း မောင်းနှင်ထွက်ပြေးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဖမ်းဆီးရမိရေးအတွက် အဖွဲ့တွေခွဲပြီး ဆောင်ရွက်ခဲ့ရာ ည ၇ နာရီ ၂၅ မိနစ် အချိန်လောက်မှာ ဟိုပုံးမြို့အဝင် ဆီဆိုင်အနီး စိုင်းဝမ်းလျန်း မောင်းနှင်ပြီး စိုင်းဆန်ကို လိုက်ပါလာတဲ့ Platana အမျိုးအစား ခဲရောင်ယာဉ်အား စတင်ဖမ်းဆီးရမိခဲ့ပါတယ်။ ည ၇ နာရီခွဲ အချိန်လောက်မှာလည်း လွိုင်လင်-တောင်ကြီးကားလမ်း၊ မိုင်တိုင်(၁၀၁/ဝ)အနီးမှာ Ford အမျိုးအစားမော်တော်ယာဉ်အား ပိတ်ဆို့တားဆီးစဉ် နောက်ပြန်လှည့် မောင်းပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရာ မော်တော်ယာဉ်မှာ လမ်းဘေးလျှိုအတွင်းထိုးကျသွားပြီး ယာဉ်ပေါ်ပါသူ ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။  အဲဒီယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှာ ဆာလာအိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၈ဝဝ,ဝဝဝ ပြား သိမ်းဆည်းရမိခဲ့ကြောင်း၊ တချိန်တည်းမှာပဲ ဟိုပုံးမြို့အဝင် ရေထွက်အနီးမှာ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးတွေ သယ်ဆောင်ရာမှာ ပူးပေါင်းပါဝင်သူ မနန်းဆိုင်ထွေးနဲ့ ခင်ပွန်း မောင်သန်း(ခ)ကျော်ခင် တို့အား Revo အမျိုးအစား မော်တော်ယာဉ်နဲ့အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပါတယ်။ စစ်ဆေးချက်တွေအရ စိတ်ကြွရူးသွပ်ဆေးပြာ‌ေတွေအရ သယ်ဆောင်လာတဲ့ မော်တော်ယာဉ်ပေါ်မှ ထွက်ပြေးလွတ်မြောက်သွားသူ ၂ ဦးမှာ စိုင်းယဉ်နဲ့ စိုင်းနော်ခမ်း တို့ ဖြစ်ကြောင်း သိရှိရပါတယ်။ မနန်းဆိုင်ထွေး၊ မောင်သန်း(ခ)ကျော်ခင်၊ စိုင်းဝမ်းလျန်း၊ စိုင်းဆန်ကို (ခ) စိုင်းကွမ်ခေး၊ စိုင်းယဉ်နဲ့ စိုင်းနော်ခမ်း (တိမ်းရှောင်) တို့အား မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်တရားခံတွေ ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2 years Ago
Up