ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျဒ်ဒါမြို့ရှိ အာရမ်ကိုရေနံချက်စက်ရုံနဲ့ ရိယာ့ဒ်မြို့တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာနတို့ကို ပစ်မှတ်ထားပြီး ယီမင်နိုင်ငံအခြေစိုက်ဟူသီအဖွဲ့က လက်နက်တပ်ဆင်ထားတဲ့ ဒရုန်းယာဉ် ၂၅ စီး၊ ပဲ့ထိန်းဒုံးကျည် အတော်များများနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒီဇင်ဘာ ၇ ရက်မှာ ပြောပါတယ်။
ယီမင်နိုင်ငံတွင်းက ဟူသီတွေနဲ့ တိုက်နေတဲ့ ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ ကတော့ ဆော်ဒီမြို့တော်ပေါ်ကနေ ပျံသန်းခဲ့တဲ့ ဒုံးကျည်တစီးကို ကြားဖြတ် ပစ်ချခဲ့တယ်လို့ ဒီဇင်ဘာ ၆ ရက်က ပြောပါတယ်။
ဒေသခံတွေကလည်း ကျယ်လောင်တဲ့ ပေါက်ကွဲသံကို ကြားတယ်လို့ ပြောကြပြီး အသေအပျောက်နဲ့ ထိခိုက်ပျက်စီးမှု အခြေအနေ သတင်းတွေကတော့ မထွက်သေးပါဘူး။
အီရန်နဲ့ မဟာမိတ်ဖြစ်တဲ့ ဟူသီတွေဟာ ဂျဲ့ဒါမြို့မှာရှိတဲ့ ရေနံထုတ်ကုန်ဖြန့်ဖြူးရေးစက်ရုံကို အရင်ကလည်း ပစ်မှတ်ထား တိုက်ခိုက်ဖူးပါတယ်။
၂၀၁၉ တုန်းက ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆော်ဒီနိုင်ငံ တဝက်ကျော်အတွက် ရေနံထွက်နှုန်း ထိခိုက်ခဲ့ပါတယ်။
ဒါ့အပြင် ဟူသီတွေဟာ အာရမ်ကို ရေနံချက်စက်ရုံနဲ့ ကင်းဖာဟက် လေတပ်အခြေစိုက်စခန်းကို လက်နက်တပ်ဆင်ထားတဲ့ ဒရုန်းယာဉ် ၆ စီးနဲ့ တိုက်ခိုက်ခဲ့သလို ရိယာ့ဒ်မြို့နဲ့ မြို့ထဲက လေဆိပ်ကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ဟူသီတပ်ဖွဲ့ ပြောခွင့်ရက သူတို့ရဲ့ ရုပ်သံ မတ်စ်စီရာကနေ ထုတ်လွှင့်ရာမှာ ပြောပါတယ်။
၇ နှစ်ကြာ စစ်ပွဲအတွင်း နှစ်ဘက်စလုံးက စစ်သည် ထောင်ချီ သေဆုံးခဲ့ပေမဲ့ ယီမင်မြို့တော် ဆာနာနဲ့ ဓာတ်ငွေ့ကြွယ်ဝတဲ့ မာရစ်ဘ်ဒေသကို ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေက တိုက်ခိုက်မှု တိုးလာနေလို့ ဟူသီတွေကလည်း နယ်စပ်ဖြတ်ကျော်ပြီး ပိုတိုး တိုက်ခိုက်နေပါတယ်။
အီရန်က ဟူသီတွေကို ဒုံးကျည်တွေ ပံ့ပိုးနေတယ်လို့ ဆော်ဒီက စွပ်စွဲထားပြီး တချို့လက်နက်တွေက အီရန်မှာ ထုတ်လုပ်တဲ့ လက်နက်တွေနဲ့ နည်းပညာ စရိုက်လက္ခဏာ တူနေတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။
ဟူသီတွေကတော့ သူတို့လက်နက်တွေကို သူတို့ကိုယ်တိုင် ထုတ်လုပ်တယ်လို့ ပြောထားပါတယ်။