ယီမင်နိုင်ငံက ဟူသီတွေ ထိန်းချုပ်ထားတဲ့ မြို့တော်ဆာနာမှာ ဟူသီတွေကို ထောက်ခံသူ ထောင်ချီပြီး နိုဝင်ဘာ ၂၂ ရက်က ဆန္ဒပြခဲ့ပါတယ်။
ယီမင်နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခမှာ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းစစ်တပ်ကို အမေရိကန်အစိုးရက ဘက်လိုက်နေတာ ရပ်တန့်ဖို့ တောင်းဆိုရင်း အမေရိကန် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြတာပါ။
ယီမင်ပြည်သူတွေဟာ အမေရိကန်လွှမ်းမိုးခံ အုပ်ထိန်းခံ စွက်ဖက်ခံ စားပွဲပေါ်က ဒါမှမဟုတ် စားပွဲအောက်က အရာဝတ္ထုတွေ မဟုတ်ဘူးလို့ ဆန္ဒပြရာမှာပါဝင်တဲ့ ဟူသီဗိုလ်ချုပ်ကြီး အယ်လ်မာဒီက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ယီမင်နိုင်ငံမှာ နိုင်ငံတကာအသိအမှတ်ပြု အစိုးရ အာဏာပြန်ရရေးအတွက် ဟူသီတွေကို တိုက်ဖို့ ၂၀၁၅ မှာ ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ အာရပ်ညွန့်ပေါင်းတပ်က စွက်ဖက်ခဲ့ပါတယ်။
ယီမင် လက်နက်ကိုင်ပဋိပက္ခအတွင်း လူထောင်သောင်းချီ သေဆုံးခဲ့ပြီး သန်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရလို့ လူသားချင်းစာနာမှုအကျပ်အတည်း ဆိုက်ခဲ့ပါတယ်။
ဒီစစ်ပွဲဟာ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေနဲ့ ဆော်ဒီက ကျောထောက်နောက်ခံပေးထားတဲ့ အစိုးရကြား ဖြစ်ခဲ့တာမို့ ဆော်ဒီနဲ့ အီရန်တို့ကြားက ကြားခံနယ်ရုပ်တွေရဲ့ စစ်ပွဲအဖြစ် ရှုမြင်နေကြပါတယ်။
အပစ်အခတ်ရပ်စဲရေးအတွက် ကုလသမဂ္ဂနဲ့ အမေရိကန်တို့က ဦးဆောင်အားထုတ်မှုတွေလည်း လောလောဆယ် ရပ်နေပါတယ်။
ဟူသီတွေက နိုင်ငံတကာအသိအမှတ်ပြု အစိုးရရဲ့ နိုင်ငံမြောက်ပိုင်းက နောက်ဆုံးခြေကုပ် မာရစ်ဘ်မြို့ကို ထိုးစစ်ဆင်နေသလို ယီမင်နိုင်ငံအတွင်း တခြားဒေသတွေကိုလည်း ထိုးစစ်ဆင် နေပါတယ်။